နေပြည်တော် ဒီဇင်ဘာ ၂၉
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာ အနီးပတ်ဝန်းကျင်ကို ဒီဇင်ဘာ ၂၈ ရက်တွင် တပ်မတော်က လေကြောင်းပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် RFA မှ ကောလာဟလသတင်းများကို လူမှုကွန်ရက်စက်မျက်နှာပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေးတွေ့ရှိချက်အရ AA သောင်းကျန်းသူအဖွဲ့သည် မြောင်းဘွေရဲစခန်းနေရာအား Drone များအသုံးပြု၍ အဝေးမှလာရောက်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက Drone Gun များတန်ပြန်အသုံးပြု တိုက်ခိုက်ခဲ့မှုကြောင့် ၎င်းတို့၏ Droup ဗုံးသီးများ ဝန်းကျင်ကျေးရွာများအနီး ကျရောက်ပေါက်ကွဲခြင်းများရှိကြောင်းနှင့် တပ်မတော်မှ ၎င်းရက်တွင် လေကြောင်းတိုက်ခိုက်ပြုလုပ်ခြင်းမရှိကြောင်း သိရှိရသည်။
အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများအနေဖြင့် AA သောင်းကျန်းသူအဖွဲ့၏ လုပ်ရပ်များကို ဖုံးကွယ်ပေးရန်နှင့် ဒေသခံတိုင်းရင်းသားပြည်သူများမှ တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန် တစ်ဖက်သတ်စွပ်စွဲကာ သတင်းမှားများ လုပ်ကြံဖန်တီးရေးသား ဖြန့်ဝေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။