နေပြည်တော် ဒီဇင်ဘာ ၂၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ် ဝဲကြီးကျေးရွာနှင့် ကွေ့ကြီးကျေးရွာတို့တွင် သမဝါယမလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် လယ်ဝေးမြို့နယ် ရွှေပြည်သာကျေးရွာအုပ်စု၊ ဝဲကြီးကျေးရွာ၌ ဝဲကြီးကျေးရွာစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသား တောင်သူများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် သမဝါယမဦးစီးဌာနဦးစီးမှူးက အသင်းသား ဦးရေ ၆၄ ဦး၏ စိုက်ပျိုးမြေဧက ၂၅၀ ကျော်တွင် မိုးစပါးစိုက်ပျိုးခဲ့မှုနှင့် အထွက်နှုန်းကိစ္စရပ်များ၊ လက်ရှိ ပန်းပွင့်ဖြူ၊ ပန်းစိမ်း၊ ဂေါ်ဖီ၊ ငရုတ်၊ ခရမ်း၊ ပြောင်း စိုက်ပျိုးရေးလုပ်ငန်းများ အခြေအနေများကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူးက ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးခဲ့မှုကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများနှင့်စပ်လှဉ်း၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးပြီးဖြစ်၍ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ ရေရှည်တည်တံ့ခိုင်မြဲရေး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် ရေသုံးစွဲသူအစုအဖွဲ့များအား စနစ်တကျဖွဲ့စည်း၍ ရန်ပုံငွေများ ကောက်ခံဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ စိုက်ပျိုးနိုင်သည့် မြေများတွင် ဒေသနှင့်ကိုက်ညီသည့် ဈေးကွက်ဝင်သီးနှံများ သီးထပ်(၃)သီး အမှန်တကယ် စိုက်ပျိုးဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဒါမှသာစိုက်ပျိုးရေအတွက် ကုန်ကျမှုအပေါ် သီးနှံစိုက်ပျိုးထုတ်လုပ်မှုမှ အကျိုးအမြတ်များ ပြန်လည်ရရှိမှာဖြစ်ပြီး ဆောင်ရွက်ခဲ့မှု ထိရောက်အကျိုးရှိမှာဖြစ်ကြောင်း၊ မည့်သည့်သီးနှံအမျိုးအစားကိုမဆို လိုအပ်သည့် မျိုးကောင်းမျိုးသန့်၊ မြေ အမျိုးအစား၊ စိုက်ပျိုးရေ၊ စိုက်ပျိုးနည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက်မှ ပန်းတိုင်အထွက်နှုန်းရရှိနိုင်မှာဖြစ်ကြောင်း၊ ထွက်ရှိလာသောသီးနှံများအား တောင်သူများကိုယ်တိုင် ဈေးကွက်သို့ တိုက်ရိုက်ရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးကြားပြီး အသင်းသားတောင်သူများစိုက်ပျိုး ထားသော ပြောင်း၊ ပန်းပွင့်ဖြူ၊ ပန်းစိမ်း၊ ဂေါ်ဖီစိုက်ပျိုးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် လယ်ဝေးမြို့နယ်၊ ညိုပင်ကျေးရွာအုပ်စု၊ ကွေ့ကြီးကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ကွေ့ကြီးကျေးရွာ စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းသားတောင်သူများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများဆောင်ရွက်ပေးပြီးဖြစ်၍ အသင်းသားတောင်သူများအနေဖြင့် လုပ်ငန်းများရေရှည်တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်နှင့် ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေများ စနစ်တကျကောက်ခံ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ စိုက်ပျိုးနိုင်သည့် မြေများတွင် ရာသီအလိုက် သီးထပ်(၃)သီး အမှန်တကယ် စိုက်ပျိုးဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထိုကြောင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုမှ အကျိုးအမြတ်များ ရရှိနိုင်မည်ဖြစ်ပြီး တစ်မိသားစုချင်းဝင်ငွေများ တိုးပွားလာမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီးပြောင်း၊ ပန်းပွင့်ဖြူ၊ ပန်းစိမ်း၊ ကြက်သွန်၊ ခရမ်းချဉ်သီးနှံများစိုက်ပျိုးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်