နေပြည်တော် ဒီဇင်ဘာ ၂၉
အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ပြန်လည်သုံးသပ်ရေးအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာ၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။
အစည်းအဝေး၌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ရှိကျင့်သုံးဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံ၏ ပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅)ကို ပကတိအခြေအနေများနှင့် ကိုက်ညီစေရေးအတွက် ပြန်လည်သုံးသပ်ဆောင်ရွက်ရန်၊ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့် လတ်တလောအကျိုးဖြစ်ထွန်းရရှိနိုင်မည့် ဦးစားပေးနယ်ပယ်များကို အလေးထားဆောင်ရွက်ရန်နှင့် ယင်းသို့ဆောင်ရွက်ရာတွင် လက်ရှိပို့ကုန်တင်ပို့နိုင်သည့် အခြေအနေများကို သုံးသပ်ပြီးလက်တွေ့ကျကျ အချိန်တိုအတွင်း အောင်မြင်မှုရရှိနိုင်မည့် ကိစ္စရပ်များအတွက် နှစ်စဉ်၊ ကာလတို၊ ကာလရှည်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များရေးဆွဲ၍ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များပါဝင်ပြီး ဘက်ပေါင်းစုံမှ အားလုံးပေါင်းစည်းဆောင်ရွက်နိုင်မည့် မဟာဗျူဟာ (Integrated Strategy) တစ်ရပ်ဖြစ်ပေါ်ရေးအတွက် သုံးသပ်ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် အစည်းအဝေးတက်ရောက်လာသူများက အမျိုးသားပို့ကုန် မဟာဗျူဟာနှင့် ဆက်စပ်သည့်ကိစ္စရပ်များအပေါ် အကြံပြုဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ ကဏ္ဍအလိုက်လိုအပ်ချက်များအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်