Skip to main content

နိုင်ငံတော်သြဝါဒါစရိယ မွန်ပြည်နယ်၊ သထုံမြို့၊ အောက်ကျင်းရပ်ကွက်၊ ဓမ္မမေဒနီစာသင်တိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တဉာဏောသူရိယာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ) ၏ ထေရုပ္ပတ္တိအကျဉ်း

ဖွားမြင်တော်မူခြင်း

ဆရာတော်လောင်းလျာသည် မွန်ပြည်နယ် သထုံမြို့ နန်းခဲရပ်ကွက်၊ ခမည်းတော် ဦးခွန်ဘိုးဘီ+ မယ်တော် ဒေါ်နန်းအေးချိုတို့မှ ၁၂၉၃ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၁ ရက်၊ အင်္ဂါနေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပါသည်။

ရှင်ရဟန်းပြုတော်မူခြင်း

ဆရာတော်လောင်းလျာသည် ၁၃၀၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်နေ့တွင် မွန်ပြည်နယ် သထုံမြို့ နန်းခဲရပ်ကွက် ဓမ္မမေဒနီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသူရိယကို ဥပဇ္ဈာယ် ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၁၂ ခုနှစ် နှောင်းတန်ခူးလဆန်း ၅ ရက်နေ့တွင် မွန်ပြည်နယ် သထုံမြို့ ဓမ္မမေဒနီကျောင်း ခဏ္ဍသိမ်၌ ဓမ္မမေဒနီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသူရိယကို ဥပဇ္ဈာယ်ပြုလျက် ဦးဘထွန်း + ဒေါ်ဖွားခင်တို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။

ပရိယတ္တိစာပေ သင်ယူဆည်းပူးတော်မူခြင်း

ဆရာတော်လောင်းလျာသည် သထုံမြို့ အောက်ကျင်းရပ်ကွက် ဓမ္မမေဒနီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသူရိယ၊ မန္တလေးမြို့ ချမ်းမြသာစည်ရပ်ကွက် ဘုရားကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဥက္ကံသာဘိဝံသစသော ဆရာတော်များထံတွင် ပရိယတ္တိစာပေများကို သင်ယူဆည်းပူးတော်မူခဲ့ပြီး ၁၃၁၅ ခုနှစ်တွင် သာသနဓဇသိရီ ပဝရဓမ္မာစရိယဘွဲ့၊ ၁၃၂၅ ခုနှစ်တွင် သထုံမြို့ ပိဋကတ္တယပါရဂူဘွဲ့ တို့ကို ရရှိတော်မူခဲ့ပါသည်။

သာသနာရေး အားပေးဆောင်ရွက်တော်မူခြင်း

ဆရာတော်သည် ပထမငယ်တန်းသုံးဘာသာ ဆောင်ပုဒ်ကဗျာ ကျမ်း၊ ပါဠိဘာသာကို ခေတ်မီမြန်မာပြန်ဆိုနည်း၊ ဓမ္မပဒရှစ်လုံးဘွဲ့ကဗျာကျမ်း၊ ပထမငယ်တန်းဇာတ် ဘာသာပြန်အဘိဓာန်စသော ကျမ်းများကို ရေးသားပြုစုခဲ့ပြီး ၁၃၅၇ ခုနှစ်မှ ၁၃၆၂ ခုနှစ်အထိ သထုံမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၁၃၆၃ ခုနှစ်မှ ၁၃၇၄ ခုနှစ်အထိ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖြစ်လည်းကောင်း၊ ၁၃၇၄ ခုနှစ်မှ ယနေ့အထိ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်အဖြစ်လည်းကောင်း သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူခဲ့ပါသည်။

ဘွဲ့တံဆိပ်တော် အလှူခံရရှိတော်မူခြင်း

ဤသို့လျှင် ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သောဝီရိယဖြင့် သယ်ပိုးဆောင်ရွက်တော်မူခဲ့သော သာသနဓုရာဝဟဂုဏ်၊ ရတ္တညူမဟာနာယကဂုဏ်၊ ပိဋကတ္တယဆေကဂုဏ်၊ ခမာဇာဂရိယဂုဏ်၊ လဇ္ဇီပေသလ သိက္ခာကာမဂုဏ်စသည်တို့နှင့် ပြည့်စုံတော်မူခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား ၂၀၁၀ ပြည့်နှစ်တွင် “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့တံဆိပ်တော်မြတ်ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ဘဝနတ်ထံပျံလွန်တော်မူခြင်း

ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော် (၉၃)နှစ်၊ သိက္ခာတော် (၇၃) ဝါအရ ၁၃၈၅ ခုနှစ် နတ်တော်လပြည့် (၂၇-၁၂-၂၀၂၃)၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၀၂:၄၅ နာရီအချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်းနှင့် ၁၃၈၅ ခုနှစ် နတ်တော်လကွယ်၊ (၁၀-၁-၂၀၂၄) ရက်တွင် အန္တိမစျာပနအခမ်းအနား ကျင်းပမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။

သတင်းစဉ်