နေပြည်တော် ဒီဇင်ဘာ ၂၈
ကျောင်းသား ကျောင်းသူများအတွက် သုတေသနနည်းလမ်းများကို စနစ်တကျ နားလည်သိရှိစေရန်နှင့် အသုံးချသုတေသနများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အခြေခံသုတေသနနည်းစနစ်များဆိုင်ရာ ဟောပြောပို့ချပွဲကို ယနေ့နံနက် ၉နာရီခွဲတွင် Naypyitaw State Academy ဘက်စုံခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် Naypyitaw State Academy စာရင်းအင်းပညာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာယဉ်ယဉ်ဝင့်က ဟောပြောပို့ချမည့် ဆရာကြီး ဒေါက်တာ စိုးဝင်း၏ ကိုယ်ရေးအကျဉ်းကို မိတ်ဆက်ဖတ်ကြားပြီး ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းက အခြေခံသုတေသနနည်းစနစ်များ (Research Methodology) ဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေး ဟောပြောသည်။
ဟောပြောပွဲအပြီးတွင် Naypyitaw State Academy ဒုတိယပါမောက္ခချုပ် (စီမံ) ဒေါက်တာ နုနုလွင်က ဆရာကြီး ဒေါက်တာစိုးဝင်းအား အမှတ်တရ ဂုဏ်ပြုလက်ဆောင် ပေးအပ်သည်။
အဆိုပါ အခမ်းအနားသို့ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ တွဲဖက်ပါမောက္ခ (ဌာန မှူးများ)၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
သတင်းစဉ်