Skip to main content

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၈

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ ပြည်ထောင်စုနေ့ ကျင်းပရေးဆပ်ကော်မတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်က ယခင်နှစ်က ကျင်းပခဲ့သည့် အခမ်းအနား၏ အားနည်ချက်၊ အားသာချက်များကို သင်ခန်းစာရယူပြီး ယခုနှစ်တွင် ပိုမိုကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆပ်ကော်မတီအသီးသီးမှ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများကို ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ရန်၊ မြေစိုက်ပိုစတာများကို သတ်မှတ်နေရာများတွင် ကြိုတင်စိုက်ထူရန်၊ သဝဏ်လွှာများ အချိန်မီရရှိပေးပို့ နိုင်ရေးဆောင်ရွက်ရန်၊ လုပ်ငန်းလိုအပ်ချက်များရှိပါက စီမံခန့်ခွဲမှုကော်မတီသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရန် မှာကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဆပ်ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များက ဆပ်ကော်မတီအလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်း တင်ပြကြသည်။

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

သတင်းစဉ်