Skip to main content

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပျဉ်းမပင်ရွာနှင့် ရေတာရှည်မြို့နယ်တို့မှ ကျေးရွာများအတွင်းသို့ တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူအချို့ သေဆုံးခဲ့ကြောင်း မဟုတ်မမှန် သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပျဉ်းမပင်ရွာကို ဒီဇင်ဘာ ၂၇ ရက်က တပ်မတော်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ရေတာရှည်မြို့နယ် သာယာကုန်းကျေးရွာနှင့် ဒိုးတန်းကျေးရွာများတွင် အကြမ်းဖက်သောင်းကျန်းသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာများအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခဲ့မှုကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း မဟုတ်မမှန် သတင်းတု၊ သတင်းအမှားများကို Khit Thit Media က လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေးတွေ့ရှိချက်များနှင့် သက်ဆိုင်ရာနယ်မြေများမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပျဉ်းမပင်ရွာကို ဒီဇင်ဘာ ၂၇ ရက်က တပ်မတော်က လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းမရှိကြောင်း၊ အလားတူ ရေတာရှည် မြို့နယ်မှ သာယာကုန်းကျေးရွာနှင့် ဒိုးတန်းကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သောင်းကျန်းသူများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းနှင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုမရှိကြောင်း သိရှိရပါသည်။

တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit သည် ကောလာဟလသတင်းများ၊ မဟုတ်မမှန်သတင်းများဖြင့် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် ပြည်သူများက အထင်အမြင်လွဲမှားစေရန်တို့အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားနေခြင်းသာဖြစ်ကြောင်း သိရသည်။

သတင်းစဉ်