မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်၍ စည်းလုံးညီညွတ်ရေးသည် မြန်မာနိုင်ငံအတွက် အစဉ်အမြဲ လိုအပ်နေသောအရာ ဖြစ်သည်။ မတူကွဲပြားသောဒေသများအကြား စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာ လာစေရန်အတွက် လိုအပ်ချက်များကို အဘက်ဘက်က ဖြည့်ဆည်းပေးနေသော်လည်း ယုံကြည်မှု နည်းပါးသူများ၊ အစွန်းထွက် အမြင်ရှိသူများ၏ အပြုသဘော မဆောင်ကွဲလွဲမှုများကြောင့် စည်းလုံး ညီညွတ်မှုကို လျော့ပါးစေပါသည်။
နည်းပညာတိုးတက်လာသောခေတ်တွင် တိုင်းပြည်စည်းလုံးညီညွတ်ရေးကို လျော့နည်းပျက်ပြား စေနိုင်သည့် လုပ်ဆောင်မှုများ အလွယ်တကူ ရှိလာသည်။ ယင်းသည် ဆိုရှယ်မီဒီယာများ၌ မမှန်သတင်း များဖြင့် စည်းလုံးညီညွတ်မှုကို ပျက်ပြားစေနိုင်သည့် သွေးထိုးလှုံ့ဆော်မှုများ ဖန်တီးလာခြင်း ဖြစ်သည်။ မြန်မာ့နိုင်ငံရေးသမိုင်းတွင် မမှန်သတင်းများ၊ ကောလာဟလ သတင်းများဖြင့် တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်း လုပ်ဆောင်မှုများရှိခဲ့သည်။ မျက်မှောက်ကာလတွင် ရခိုင်ပြည်နယ်အရေးကိစ္စကို ပုံဖော်၍ တိုင်းပြည်ထိခိုက်နစ်နာပျက်စီးအောင် ကမ္ဘာ့အလယ်တွင် နိုင်ငံ့ပုံရိပ်ကျဆင်း လာအောင် လုပ်ဆောင်မှုများရှိခဲ့သည်။
မမှန်သတင်းများ ရေးသားထုတ်လွှင့်နေကြခြင်းနှင့် ပတ်သက်၍ သြဂုတ်လ ၂၈ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်၊ ကုသရေးဆောင်ရွက်နေကြသူများနှင့် အပြန်အလှန်ဆွေးနွေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ဆိုရှယ်မီဒီယာတွင် ရေးသားနေကြ သူများသည် တာဝန်သိစိတ်၊ အမှန်တကယ်စေတနာဖြင့် ရေးသားတင်ပြရန် လိုအပ်ပါကြောင်း၊ အရေးကြီးသည်မှာ အချက်အလက်မှန်ကန်ရန် ဖြစ်ပါကြောင်း၊ တချို့သည် မစဉ်းစားဘဲ၊ မှန်ခြင်း၊ မမှန်ခြင်းကို ဂရုမစိုက်ဘဲ ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားတင်ပြကြပါကြောင်း၊ ဆိုရှယ်မီဒီယာတွင် တင်ပြရာတွင် မှန်ကန်မှုရှိရန် ပထမအချက်ဖြစ်ကြောင်း၊ မှန်ကန်ပြီး အများအတွက် အကျိုးရှိရန်လည်း စဉ်းစားရမည် ဖြစ်ပါကြောင်း၊ မိမိတို့ ယခုလုပ်နေရသည့်လုပ်ငန်းများကို ပိုမိုခက်ခဲ စေသည့် ကိစ္စများကို ဆိုရှယ်မီဒီယာများတွင် ရေးသားတင်ပြခြင်းကို လူတိုင်းက ဆင်ခြင်ရမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။
ယနေ့အချိန်အခါတွင် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် ကိုဗစ် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် အတွက် အရေးတကြီး ဆောင်ရွက်နေရသော ကာလဖြစ်သည်။ ကိုဗစ်ရောဂါ ပြန့်ပွားခြင်းကြောင့် ရခိုင်ပြည်နယ်သူ ပြည်နယ်သားများ ထိခိုက်မှုအနည်းဆုံး ဖြစ်စေရန်၊ မကြာမီကာလအတွင်း ကိုဗစ်ရောဂါကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် နေကြသည်။ စည်းလုံးညီညွတ်မှုဖြင့် လက်တွဲဆောင်ရွက်နေကြသည်။ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် အားလုံးဝိုင်းဝန်း ဆောင်ရွက်နေကြ သည်ကို မှန်မှန်ကန်ကန် သိမြင်နားလည်ဖို့လိုအပ်သည်။ ပြည်သူပြည်သားများ စိုးရိမ်ပူပန်မှုဖြစ်နေချိန်တွင် သိလျက်နှင့်ဖြစ်စေ၊ မသိ၍ဖြစ်စေ မှန်ကန်မှု မရှိသည့် သတင်းအချက်များကို မျှဝေမပေးဖို့လိုသည်။ သတင်းများ တိကျမှန်ကန်မှု ရှိ၊ မရှိ ဆင်ခြင်ရမည်။ မတိကျ၊ မမှန်ကန်သည့်သတင်းများကို ရှောင်ကြဉ်ရမည်ဖြစ်သည်။ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေမည့် နှိုးဆော်မှုများကို မပြုလုပ်ဖို့လိုမည်ဖြစ်သည်။
လတ်တလော ရခိုင်ပြည်နယ်အရေးကိစ္စတွင် အားလုံးပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် တစ်ဦးအပေါ် တစ်ဦးနားလည်မှု၊ မေတ္တာ ထားမှု၊ ယုံကြည်အားကိုးမှုများ ရရှိလာမည်ဖြစ်သည်။ ယင်းသည် စည်းလုံးညီညွတ်မှု ပင်ဖြစ်သည်။ ထိုမှတစ်ဆင့် ရခိုင်ပြည်နယ် သာမက ပြည်ထောင်စုကြီးတစ်ခုလုံး ရင်ဆိုင်နေရသည့်ကိစ္စများ၊ စိန်ခေါ်မှုများကို ကျော်လွှားသွားနိုင်မည် ဖြစ်သည်။ ရခိုင်ပြည်နယ် သည် ဘာသာရေး၊ လူမျိုးရေးကိုအကြောင်းပြုသည့် နောက်ခံသမိုင်းကြောင်းများ၊ ပဋိပက္ခများရှိခဲ့သည်။ အမုန်းတရားကို တူးဆွနေသူများ၊ မတူညီသော လူ့အသိုက်အဝန်းများအကြား မေတ္တာမပွားနိုင်ဘဲ တစ်ဦးနှင့်တစ်ဦးအကြားတွင် ပဋိပက္ခများ တိုးပွားအောင် လှုံ့ဆော်နေမှုများရှိခဲ့သည်။ ယခုအခါ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါလျော့နည်း ပျက်ပြား သွားအောင် ကာကွယ် တိုက်ဖျက်ကြရာတွင် မတူညီသော အသိုက်အဝန်းများအကြားမှန်ကန်သော စိတ်စေတနာများ ထားရှိကြ သည်ကိုပြသခြင်းဖြင့် စည်းလုံးညီညွတ်မှုကိုတည်ဆောက်ကြရမည် ဖြစ်သည်။
သို့ဖြစ်ရာ ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော အရေးကိစ္စအတွက် အားလုံးဝိုင်းဝန်းလက်တွဲ ဆောင်ရွက် နေကြချိန်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မှာကြားအသိပေးထားသကဲ့သို့ ယခုအချိန်တွင် မည်သူက အမှန်တကယ် စေတနာရှိသည် ဆိုသည်မှာ ပေါ်လွင်လာမည်ဖြစ်သည်။ ရခိုင်အတွက် ပြည်ထောင်စု၊ ပြည်ထောင်စုအတွက် ရခိုင်ဟူသည့် စည်းလုံးညီညွတ်သော မှန်ကန်သည့်စိတ်ဓာတ်ဖြင့် ရှုမြင်ရန်၊ မှန်ကန်သည့် စိတ်ဓာတ်ဖြင့် အသိပေးကြရန် အထူးလိုအပ်ပါကြောင်း။ ။