နေပြည်တော် ဒီဇင်ဘာ ၂၄
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ အမှတ် (၅) စက်မှု သင်တန်းကျောင်း (မကွေး) သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချနိုင်သည်အထိ သင်ကြားပေး
ဦးစွာကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ လေ့ကျင့်သင်ကြား နေမှုစနစ်တို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်မှုသင်တန်းကျောင်းများအနေဖြင့် ကျွမ်းကျင်လုပ်သားများကို ပိုမိုလေ့ကျင့်မွေးထုတ် ပေးနိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသနှင့် နိုင်ငံတော်အတွက်လိုအပ်သော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးအတွက် သင်ရိုးညွှန်းတမ်းများ၊ လေ့ကျင့်သင်ကြားရေးစနစ်တို့ကိုလည်း အမြဲတမ်းသုံးသပ်၍ အဆင့်မြှင့်တင်နေရမည်ဖြစ်ကြောင်း၊ ဆရာဆရာမများအနေဖြင့် သင်တန်းသား သင်တန်းသူများအား လက်တွေ့လုပ်ငန်းခွင်တွင် အမှန်တကယ်ပြန်လည်အသုံးချနိုင်သည်အထိ လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်းမှာကြားပြီး ဆရာဆရာမများနှင့် သင်တန်းသားသင်တန်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။
ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းအခမ်းအနားကို မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ စုပေါင်း ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့်အလတ် စားစီပွားရေးလုပ်ငန်းရှင်များ တက်ရောက်သည်။
တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မကွေးတိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကစက်မှုလုပ်ငန်းရှင်များက တိုင်းဒေသကြီးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်၍ ဒေသတစ်ခု ထုတ်ကုန်တစ်ခု အစီအစဉ်များတွင်ပါဝင်ခြင်းဖြင့် တစ်ဦးတစ်ယောက်ချင်းစီ၏ အကျိုး စီးပွား တိုးတက်လာမည်ဖြစ်ပြီး တိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်မှု၊ ဒေသထွက်ကုန်များ ဈေးကွက်ပိုမိုထိုးဖောက်နိုင်မှု တို့အပြင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ပြီး ဆင်းရဲနွမ်းပါးမှုကိုပါ လျှော့ချနိုင်သည်အထိ အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် ဆန်စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းစသော သီးနှံအများအပြားထွက်ရှိရာ ဒေသကြီးဖြစ်သည့်အတွက် အဆိုပါကုန်ကြမ်းများကို အခြေခံပြီးထုတ်လုပ်သည့် စက်မှုလုပ်ငန်းများ အဆင့်မြင့်မားလာရေး၊ ဖွံ့ဖြိုးတိုးတက်လာရေး၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရေးတို့သည် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ ယခုတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးတင်ပြမှသာ လိုအပ်ချက်များ၊ အခက်အခဲများကိုသိရှိပြီး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
MSME ထုတ်ကုန်များ လှည့်လည်ကြည့်ရှု
ယင်းနောက် တက်ရောက်လာသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီပွားရေးလုပ်ငန်းရှင်များကလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်စဉ်တွေ့ကြုံနေရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ပြန်လည် ရှင်းလင်းဖြေကြားကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား၍ ခင်းကျင်းပြသထား သည့် MSME ထုတ်ကုန်များကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် မကွေးစက်မှုဇုန်တည်ထောင်မည့် မြေနေရာသို့ရောက်ရှိပြီး တာဝန်ရှိသူများက လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်