နေပြည်တော် ဒီဇင်ဘာ ၂၁
အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် Business Plan နှင့် ငွေစာရင်းရေးဆွဲနည်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် ၂၀၂၄ ခုနှစ် နွေရာသီရေရှားပါး ပြတ်လပ်မှုကြုံတွေ့နိုင်သည့် ကျေးရွာများတွင် သောက်သုံးရေပြတ်လပ်မှု မဖြစ်ပေါ်စေရန်အတွက် ကြိုတင်စီမံဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယခုအလုပ်ရုံဆွေးနွေးပွဲသည် လုပ်ငန်းထူထောင်မည့်သူများ လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျဖြင့် အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်နှင့် စာရင်းဇယားများ မှန်ကန်စွာရေးဆွဲတတ်ရန် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင် ရက်ကန်းသင်တန်းကျောင်းများရှိ စီမံကိန်းလုပ်ငန်းကို တာဝန်ယူဆောင်ရွက်လျက်ရှိသော အရာထမ်း၊ ဝန်ထမ်းများက ဤဆွေးနွေးပွဲမှရရှိလာသော အသိပညာ၊ ဗဟုသုတများကို ပြန်လည်သင်ကြားပေးနိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ Business Plan အကြောင်း၊ Business Plan ရေးဆွဲနည်း၊ Business Plan အမျိုးအစားများ၊ ဒီဂျစ်တယ်ဈေးကွက်စီးပွားရေးအကြောင်း၊ ဒီဂျစ်တယ်ဈေးကွက်စီးပွားရေး၏ အရေးပါမှု၊ ဒီဂျစ်တယ်ဈေးကွက်စီးပွားရေး၏ အကျိုးကျေးဇူးများ၊ ငွေစာရင်းရေးဆွဲနည်းတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်းပြောကြားပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ စီမံကိန်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အရာထမ်းများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄ ခုနှစ် နွေရာသီရေရှားပါး ပြတ်လပ်မှုကြုံတွေ့နိုင်သည့် ကျေးရွာများတွင် သောက်သုံးရေပြတ်လပ်မှုမဖြစ်ပေါ်စေရန်အတွက် ကြိုတင်စီမံဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်လည်း ရေပေးရေး၊ ကျန်းမာသန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၁၂ − ၂၀၁၃ ခုဘဏ္ဍာနှစ်မှ ၂၀၂၂ −၂၀၂၃ခု ဘဏ္ဍာနှစ်ထိ ကျေးရွာပေါင်း ၃၀၂၉၈ ရွာတွင် ကျေးလက်ရေရရှိရေးလုပ်ငန်း ၄၁၅၂၄ ခုကို ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ကျေးလက်လူဦးရေ ၂၂ သန်းကို အကျိုးပြုခဲ့ပါကြောင်း၊ ယခုဘဏ္ဍာနှစ်တွင်လည်း ကျေးလက်ရေရှိရေးလုပ်ငန်းပေါင်း ၁၁၉၅ ခု ကို ဆောင်ရွက်မည်ဖြစ်သည့်အတွက် ကျေးရွာ ၉၂၀ မှ လူဦးရေ ၀ဒသမ ၇ သန်းခန့်ကို ထပ်မံအကျိုးပြုစေမည်ဖြစ်ပါကြောင်း၊ နွေရာသီရေရှားပါးမှုပြဿနာကို ဖြေရှင်းရာတွင် သောက်သုံးရေဖြန့်ဝေခြင်းကဲ့သို့သော လတ်တလောဆောင်ရွက်မည့် အစီအစဉ်များသာမကပဲ ကျေးရွာများ၏ ရေရှားပါးရခြင်း အဓိကအကြောင်းအရင်းကို ဖော်ထုတ်ပြီးဖြေရှင်းနိုင်မည့် ကာလတို၊ ကာလလတ်အစီအမံများရေးဆွဲပြီး စနစ်တကျ မြန်မြန်ဆန်ဆန် တုံ့ပြန်ဆောင်ရွက်ရန် မှာကြားလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ၂၀၂၄ ခုနှစ်၊ နွေရာသီကာလ သောက်သုံးရေရှားပါးပြတ်လပ်မှုမဖြစ်ပေါ်စေရေး ကြိုတင်စီမံဆောင်ရွက်ထားရှိမှု၊ တိုင်းဒေသကြီး/ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြကြရာ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာသို့ ရောက်ရှိပြီး ပျဉ်းမနားမြိုနယ် သမဝါယမအသင်းစုပိုင် စိုက်ပျိုးဧက ၁၅ ဧကပေါ်တွင် ရုရှားသဘာဝမြေဩဇာအသုံးပြု၍ အစေ့ထုတ်ပြောင်း GT-200 မျိုး စမ်းသပ်စိုက်ပျိုးနေမှုများကို ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းလိုအပ်ချက်များ ဆွေးနွေးမှာကြားပြီး အသားတိုးကြက်မွေးမြူထားရှိမှုအခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)