Skip to main content

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေးဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၅

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေးဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်းသည့် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာစကားပြောကြားပြီး စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၃)အစည်းအဝေးတွင် ၂၀၁၅ ခုနှစ်က ပြဋ္ဌာန်း ခဲ့သော အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြင်ဆင်ခြင်းထက် ဥပဒေကိုပယ်ဖျက်ပြီး ဥပဒေအသစ် ရေးဆွဲပြဋ္ဌာန်းရန်နှင့် ဥပဒေတွင် မပါဝင်သေးသည့် ဒစ်ဂျစ်တယ်စီးပွားရေး၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်မှုနှင့် အစပျိုးစီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများကို ပါဝင်ထည့်သွင်းရေးဆွဲရန် ဥပဒေရေးရာ ဝန်ကြီးဌာန၏ အကြံပြုချက်အရ အသေးစား၊ အငယ်စားနှင့်အလတ် စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေးဥပဒေကို အသစ်ရေးဆွဲရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသည့် တာဝန်ရှိသူများက ဥပဒေ(မူကြမ်း)တွင် ပါဝင်သောအကြောင်းအရာများကို ပုဒ်မအလိုက် တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေးဥပဒေ(မူကြမ်း)ကို နိုင်ငံတော်က ချမှတ်ထားသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ အောင်မြင် စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေမှုရှိစေရန်နှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန်အလို့ငှာ ပြဋ္ဌာန်းသင့်သော ဥပဒေတစ်ရပ်ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် ဥပဒေပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်