နေပြည်တော် ဒီဇင်ဘာ ၂၀
ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၅/၂၀၂၃-၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI)နှင့် မြန်မာနိုင်ငံဘဏ်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကို ပထမအကြိမ် ချေးငွေအဆိုပြုလွှာခေါ်ယူပြီး Project Management Unit နှင့် PFI ဘဏ်များမှ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ၂၀၂၃ ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလအထိ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ခုနစ်ခုတို့မှ လုပ်ငန်းရှင် ၂၁ ဦးသို့ ငွေကျပ် ၁၇၇၃ သန်း ထုတ်ချေးထားပြီးဖြစ်ကြောင်း၊ ယခု ဒုတိယအကြိမ် ချေးငွေအဆိုပြုလွှာ ခေါ်ယူပြီးဖြစ်၍ ချေးငွေစံသတ်မှတ်ချက်များနှင့် ကိုက်ညီသော လုပ်ငန်းရှင်များကို ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေများ အမြန်ဆုံးထုတ်ချေးပေးသွားရန်လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက ချေးငွေထုတ်ချေးပြီး အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်ကိစ္စများကို လည်းကောင်း၊ အထောက်အကူပြု အဖွဲ့ခေါင်းဆောင်များက သက်ဆိုင်ရာအဖွဲ့အလိုက် ဆောင်ရွက်နေမှုများကို လည်းကောင်း၊ Project Management Unit စီမံကိန်း ဒါရိုက်တာက ချေးငွေအမှုတွဲများ စိစစ်ပြီးစီးမှု အခြေအနေကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ လုပ်ငန်းအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ပြည်တွင်းစားသုံးဆီဖူလုံရေးတွင် နိုင်ငံတော်မှဆီထွက်သီးနှံများ တိုးတက်ထွက်ရှိရေးကို အားပေးဆောင်ရွက်လျက်ရှိသည့်နည်းတူ ဆီစက်များအဆင့်မြှင့်တင်ရေးနှင့် ဆီစက်လုပ်ငန်းများ တိုးချဲ့နိုင်ရေးအတွက် အတိုးနှုန်းသက်သာသောချေးငွေများကို စနစ်တကျစိစစ်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်