Skip to main content

ကျောက်တံခါးမြို့နယ် သူဌေးကုန်းကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက Drone အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူအမျိုးသမီးနှစ်ဦးသေဆုံးကာ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် ဒီဇင်ဘာ ၂၀

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကိုလိုလားသူ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၁၉ ရက် ညနေ ၅ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် သူဌေးကုန်းကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက ကျေးရွာ၏အရှေ့ မြောက်ဘက်သုံးမိုင်ခန့်အကွာမှနေ၍ အမြင့်မီတာ ၅၀၀ ခန့်မှ Drone အသုံးပြုပြီး Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအတွင်း Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာ အဆိုပါကျေးရွာနေ အပြစ်မဲ့ပြည်သူအမျိုးသမီးနှစ်ဦး ဗုံးစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကာ အသက်(၂)နှစ်အရွယ် ကလေးငယ်တစ်ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့သည်။

အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်အား ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေး ကုသမှုခံယူစေလျက်ရှိကြောင်းနှင့် အပြစ်မဲ့ပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာရရှိအောင် လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်