Skip to main content

မြန်မာနိုင်ငံလူမှုဖူလုံရေးအဖွဲ့(SSB)နှင့် မလေးရှားနိုင်ငံလူမှုဖူလုံရေးအဖွဲ့ (PERKESO)တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် မလေးရှားနိုင်ငံ၌ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းဖြစ်နေသည့် မြန်မာအလုပ်သမားအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်

နေပြည်တော် ဒီဇင်ဘာ ၂၀

မြန်မာနိုင်ငံလူမှုဖူလုံရေးအဖွဲ့(SSB)နှင့် မလေးရှားနိုင်ငံလူမှုဖူလုံရေးအဖွဲ့ (PERKESO)တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် မလေးရှားနိုင်ငံ၌ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းဖြစ်နေသည့် မြန်မာအလုပ်သမားကို ဒီဇင်ဘာ ၁၃ ရက်နံနက် ၁၀ နာရီ ခွဲတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

မလေးရှားနိုင်ငံလူမှုဖူလုံရေးအဖွဲ့ (PERKESO) ၌ အကျုံးဝင် မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား မောင်အောင်ကိုသင်း (ME 489831) သည် ၂၀၁၅ ခုနှစ် တွင် မလေးရှားနိုင်ငံ ပီနန်းပြည်နယ်ရှိ Hong Poh Engineering Construction Sdn bhd ဆောက်လုပ်ရေးကုမ္ပဏီ၌ အလုပ်လုပ်ကိုင်နေစဉ်အမြင့်မှပြုတ်ကျ၍ ဦးခေါင်းထိခိုက် ဒဏ်ရာရရှိပြီး အမြဲတမ်း(လုံးဝ)မသန်စွမ်းမှုဖြစ်ပွားခဲ့ရာ ပီနန်းပြည်နယ်ရှိ I-Care Nursing Home ၌ မလေးရှားနိုင်ငံလူမှုဖူလုံရေးအဖွဲ့ (PERKESO) က ဆေးကုသမှုပေးခဲ့သည်။

မောင်အောင်ကိုသင်းကို မြန်မာနိုင်ငံသို့ စနစ်တကျ ပြန်လည်ပို့ဆောင်ရန်အတွက် နှစ်နိုင်ငံလူမှုဖူလုံရေး အဖွဲ့များအကြား Online ဖြင့် Technical Meeting များ ကျင်းပပြုလုပ်ခဲ့ပြီး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အကူအညီဖြင့် မလေးရှားလေကြောင်း ခရီးစဉ်အမှတ်(MH-740)ဖြင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီခွဲတွင် ဆိုက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံလူမှုဖူလုံရေးအဖွဲ့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး(ရန်ကုန်)၊ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများနှင့် မောင်အောင်ကိုသင်း၏ မိသားစုဝင်များက လွှဲပြောင်းလက်ခံ၍ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး(ရန်ကုန်)၌ လိုအပ်သည့်ဆေးကုသမှုများ ဆက်လက်ခံယူလျက်ရှိကြောင်း၊ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်က ငွေကျပ် ၂၂၀၀၀၀၀/- (ကျပ်နှစ်ဆယ့် နှစ်သိန်းတိတိ)ကို မိခင်ဖြစ်သူထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး မလေးရှား နိုင်ငံလူမှုဖူလုံရေးအဖွဲ့ (PERKESO)မှ ပေးအပ်မည့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်များ ရရှိနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံလူမှုဖူလုံရေးအဖွဲ့(SSB)နှင့် မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့ (PERKESO) တို့အကြား လူမှုဖူလုံရေးအစီအစဉ်နှင့် လုပ်ငန်းစဉ်များမြှင့်တင်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOC)ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်က လက်မှတ်ရေးထိုး၍ မလေးရှားနိုင်ငံလူမှုဖူလုံရေးအဖွဲ့ (PERKESO) ၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမားများ၏ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးသွားသည့် မြန်မာအလုပ်သမား ၂၁ ဦးမှ မှီခိုသူ အကျိုးခံစားခွင့်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆၉၀၀၁ ဒသမ ၄၇ ( USD$ 169,001.47 )နှင့် လုပ်ငန်းခွင်ထိခိုက်မှုကြောင့် အမြဲတမ်း(လုံးဝ)မသန်စွမ်းမှုဖြစ်ပွားသည့် မြန်မာအလုပ်သမားနှစ်ဦးအနက် တစ်ဦးမှ အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၈၀၂ ဒသမ ၄၆ (USD$ 2,802.46)တို့ကို မလေးရှားနိုင်ငံလူမှုဖူလုံရေးအဖွဲ့ (PERKESO)က မိသားစုဝင်များ၏ ဘဏ်စာရင်းမှတစ်ဆင့် လက်ခံရရှိခဲ့ကြောင်း၊ မလေးရှားနိုင်ငံ၌ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့ PERKESO) ၌ အကျုံးဝင် မှတ်ပုံတင်ထားရှိရန်လိုအပ်ကြောင်းနှင့် လုပ်ငန်းခွင်ထိခိုက်မှုအတွက် မှီခိုသူအကျိုးခံစားခွင့်နှင့် အမြဲတမ်း(လုံးဝ) မသန်စွမ်းမှုများအတွက် အကျိုးခံစားခွင့်များ မှန်ကန်မြန်ဆန်စွာရရှိစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်