နေပြည်တော် ဒီဇင်ဘာ ၂၀
(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ အကြိုညှိနှိုင်းဆွေးနွေးပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂) နေပြည်တော်၌ ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ကျင်းပရာ သဘာပတိအဖြစ် ဒေါက်တာစုစုဒွေး၊ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနက ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမောင်မောင်ဦးတို့က ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် သဘာပတိတိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက ညီလာခံနှင့်ပတ်သက်သော လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ပထမဦးစွာ ညီလာခံတွင် တင်သွင်းမည့် အဆိုပြုချက်(၄)ခုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင်-အဆို-(၁) “တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာမှတိုင်းရင်းဆေးတက္ကသိုလ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်” အဆိုနှင့်ပတ်သက်၍ တိုင်းရင်းဆေးတက္ကသိုလ်အနေဖြင့် နိုင်ငံတကာရှိ တိုင်းရင်းဆေးတက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဆို-(၂)“ဘေးဥပဒ် အန္တရာယ်ကင်းရှင်းပြီး အရည်အသွေးနှင့် အာနိသင်ပြည့်ဝသည့် ပိုမိုကောင်းမွန်သော ဦးစီးဌာနသုံး တိုင်းရင်းဆေးဝါးများ ပေါ်ထွက်လာစေရေးအတွက် သုတေသနလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ ဝိုင်းဝန်းဆောင်ရွက်ရန်” အဆိုနှင့်ပတ်သက်၍ မိမိတို့၏ ဦးစီးဌာနသုံးဆေးဝါးများအား သုတေသနလုပ်ဆောင်ရန်အတွက် ရည်ရွယ်ပြီး သုတေသနသင်တန်းများ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်းနှင့် ယင်းသင်တန်းများကိုလည်း တက်ရောက်ကြစေလိုကြောင်း၊ အဆို-(၃) “တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအရည်အသွေးများ ပိုမိုတိုးတက်မြင့်မားလာစေရန် တိုင်းရင်းဆေးပညာရှင်များအတွက် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းများဖွင့်လှစ်နိုင်ရေး ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်”အဆိုနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် တိုင်းရင်းဆေးရပ်ဝန်း တစ်ခုလုံးအားရည်ရွယ်၍ ပညာရပ်ဆိုင်ရာ အရည်အသွေးမြှင့်သင်တန်းများ ဖွင့်လှစ်ပို့ချရန်အတွက် ရည်ရွယ်ခဲ့ပါကြောင်း၊ အဆို-(၄)တိုင်းရင်းဆေးပညာဖြင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်” အဆိုနှင့်ပတ်သက်၍ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း စသည်တို့နှင့်ပူးပေါင်း၍ ကွင်းဆင်းဆေးကုသခြင်း၊ ပညာပေးလုပ်ငန်းများကို ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုကြောင်း စသည့်အဆိုများနှင့်ပတ်သက်၍ ညီလာခံကိုယ်စားလှယ်များအား အဖွဲ့ငယ်များဖွဲ့စည်းပြီး အဖွဲ့အလိုက် ပါဝင်သင့်သော ပညာရှင်ကြီးများပါဝင်ကာ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများကလည်း ဝိုင်းဝန်းဆွေးနွေးပေးကြစေလို ကြောင်းနှင့်အားလုံးကို ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ညီလာခံကိုယ်စားလှယ်များကို အုပ်စု(၄)စုခွဲကာ ညီလာခံတွင် တင်သွင်းမည့်အဆိုပြုချက် တစ်ခုချင်းစီအတွက် အုပ်စုအလိုက် ဆွေးနွေးကြကာ ညီလာခံတွင် တင်ပြဆွေးနွေးမည့် ကိုယ်စားလှယ်များ ရွေးချယ်မှုပြုလုပ်ခဲ့သည်။ (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကို ဒီဇင်ဘာ ၂၁ ရက်တွင်လည်းကောင်း၊ မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို ဒီဇင်ဘာ ၂၂ ရက်တွင်လည်းကောင်း နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ကျင်းပမည်ဖြစ်ပြီး ညီလာခံတွင် ပြည်သူလူထု အကျိုးပြု အဆိုပြုချက်လေးခုကို တင်ပြဆွေးနွေးကြမည်ဖြစ်သည်။
နေ့လယ်ပိုင်းတွင် ညီလာခံကိုယ်စားလှယ်များအား နေပြည်တော်တစ်ဝိုက်ရှိ မာရဝိဇယရုပ်ပွားတော်သို့ လေ့လာရေးပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်