မန္တလေး ဒီဇင်ဘာ ၂၀
ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ၊ ကုမ္ပဏီများအချင်းချင်း ချိတ်ဆက်ပေးနိုင်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် မန္တလေးတိုင်းဒေသကြီး၏ စီးပွားရေးအလားအလာများ သိသာပေါ်လွင်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးစသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပသည့် Mandalay International Trade Fair & Investment Forum 2023 ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Mandalay Convention Center ၌ ကျင်းပသည်။
အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအခြေစိုက်သံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်း၊ MRCCI ဥက္ကဋ္ဌ ဦးဝင်းဌေး၊ ယူနန်၊ တက်ဟုန်း၊ ဟူနန် ကုန်သည်ကြီးများအသင်းတို့မှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများနှင့် အသင်းအဖွဲ့များမှ ဖိတ်ကြားထားသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဧည့်ပရိသတ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဦးထွန်းအုံနှင့် တာဝန်ရှိသူများက Mandalay International Trade Fair & Investment Forum 2023 ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
အားပေးဆောင်ရွက်
ထို့နောက် Forum ကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မန္တလေးတိုင်းဒေသကြီးသည် အဓိကကျသည့် ကုန်သွယ်ရေးလမ်းကြောင်းများနှင့် ချိတ်ဆက်ထားနိုင်ပြီး စက်မှုလုပ်ငန်းများထွန်းကားသည့် တိုင်းဒေသကြီးဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရန် အခြေခံအကြောင်းတရားများနှင့် ပြည့်စုံနေသည့် တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရန် နိုင်ငံတော်က အားပေးလျက်ရှိကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ ထုတ်လုပ်မှုကွင်းဆက်များတွင် ပါဝင်နိုင်ခြင်းဖြင့် ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်နိုင်ရန် အလားအလာကောင်းများရှိကြောင်း၊ ယနေ့အခမ်းအနားတွင်လည်း လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုနိုင်မည့် ပူးပေါင်းဆောင်ရွက်မှုကောင်းများ ဖော်ဆောင်နိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ယခုကဲ့သို့ နိုင်ငံတကာ ကုန်စည်ပြပွဲများကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းကျင်းပခြင်းကြောင့် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များအချင်းချင်းတွေ့ဆုံနိုင်ခြင်းဖြင့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းမှတစ်ဆင့် ပို့ကုန်ကဏ္ဍတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ကျင်းပသည့် နိုင်ငံတကာကုန်စည်ပြပွဲများမှတစ်ဆင့် နိုင်ငံတကာတွင်ကျင်းပသည့် ကုန်စည်ပြပွဲများသို့ ပြည်တွင်းကုန်ထုတ်လုပ်သူများနှင့် လုပ်ငန်းရှင်များပါဝင်နိုင်ရေးကိုလည်း အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
လက်မှတ်ရေးထိုး
ထို့နောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က MSME လုပ်ငန်းများ ရေရှည်ရပ်တည်ရှင်သန်သွားနိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးနေမှုများကိုလည်းကောင်း၊ UMFCCI ဥက္ကဋ္ဌက နိုင်ငံအတွင်းရှိ MSME လုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရေးအတွက် UMFCCI အသင်းချုပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ MRCCI ဥက္ကဋ္ဌက ပြပွဲကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် MRCCI အသင်း၏ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း ရှင်းလင်းပြောကြားကြပြီး မန္တလေးတိုင်းဒေသကြီးအတွင်း စီးပွားရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုအတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းများကို ဆက်လက်ဆောင်ရွက်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်၊ ၁၀၀ ရာခိုင်နှုန်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် နို့၊ ပဲနို့ရည်အမျိုးမျိုးနှင့် ရေသန့်ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်း ဆောင်ရွက်နေသည့် ဥရောပ၊ အာရှအဖျော်ယမကာ ကုမ္ပဏီလီမိတက်နှင့် ၁၀၀ ရာခိုင်နှုန်း ကိုရီးယားနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် တိရစ္ဆာန်အစားအစာနှင့် အခြားဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်း ဆောင်ရွက်နေသည့် Sunjin Myanmar Co; Ltd များသို့ သွားရောက်ရာ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။
ကြည့်ရှုအားပေး
ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ရင်းနှီးမြှုပ်နှံမှုတိုးချဲ့နိုင်ရေး၊ ထုတ်ကုန်တိုးမြှင့်နိုင်ရေး၊ အရည်အသွေးမီ ထုတ်ကုန်များဖြစ်၍ ပြည်ပသို့တင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရေး၊ ဈေးကွက်ချဲ့ထွင်ရေး၊ ပြည်တွင်းထုတ်ကုန်ကြမ်းများ ပိုမိုဦးစားပေးအသုံးပြုရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအစီအစဉ် (CSR) မြှင့်တင်ဆောင်ရွက်ရေး၊ လုပ်ငန်းစွန့်ပစ်ပစ္စည်းများမှ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးတို့နှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြပြီး စက်ရုံလည်ပတ်နေမှုနှင့် ကုန်ထုတ်လုပ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
သတင်းစဉ်