Skip to main content

ဒီပြခန်းတွေကို ကြည့်ရှုလေ့လာရခြင်းအားဖြင့် ကိုယ့်တိုင်းပြည်ကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတဲ့ စိတ်ကူးစိတ်သန်းကောင်းတွေရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ပေါ်ပေါက်လာပါလိမ့်မယ်

နေပြည်တော် ဒီဇင်ဘာ ၂၀

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကျင်းပသည့် လူငယ်နှင့်စာပေအနုပညာပွဲတော်ကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ယနေ့ စည်ကားသိုက်မြိုက်စွာဖြင့် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ကျောင်းသား ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွားလာစေရေး၊ ဗလငါးတန်ဖြင့် ဘက်စုံဖွံ့ဖြိုးသည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်ကျင်းပသည့် အဆိုပါပွဲတော်ကြီးတွင် ဝန်ကြီးဌာန၊ တက္ကသိုလ်၊ အခြေခံပညာကျောင်းများအလိုက် ပြခန်းများကို ခင်းကျင်းပြသထားရာ ကျောင်းသား ကျောင်းသူလူငယ်များ စိတ်ပါဝင်စားစွာ လာရောက်လေ့လာနေကြသည်ကိုတွေ့ရသည်။ ထိုသို့ ပြခန်းများပြသဆောင်ရွက်မှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာပြခန်းများမှ တာဝန်ရှိသူများနှင့် လာရောက်လေ့လာကြသည့် ကျောင်းသားလူငယ်များ၏ စကားသံများကို စုစည်းဖော်ပြအပ်ပါသည်။

ဦးအောင်ဆန်းဦး(ပါမောက္ခချုပ်)

ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို လူငယ်နှင့် စာပေအနုပညာပွဲတော်ကို နိုင်ငံတော်အဆင့် စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်နဲ့ ကျင်းပဆောင်ရွက်ပေးတာဟာ လူငယ်တွေအတွက် အင်မတန်မှ ဝမ်းမြောက်ဂုဏ်ယူရပါတယ်။ မြန်မာနိုင်ငံတော်ရဲ့ အနာဂတ်မျိုးဆက်သစ် လူငယ်တွေကို ရည်ရွယ်ပြီးတော့ ဌာနဆိုင်ရာအသီးသီးကနေပြီးတော့ ပြခန်းတွေပြသပေးတယ်။ ပညာပေးအစီအစဉ်တွေ ဆောင်ရွက်ပေးတယ်။ ဒါတွေက ကျွန်တော်တို့ နိုင်ငံအနာဂတ်မှာ ခေါင်းဆောင်ကြမယ့် လူငယ်တွေအတွက် အင်မတန်ကောင်းမွန်တဲ့ အစီအစဉ်တွေ ဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့လည်း ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသလို ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းတွေ၊ ဖြစ်ပေါ်တိုးတက်နေတဲ့ အသိပညာ အတတ်ပညာတွေကို ပြသတဲ့ ဒီပြခန်းတွေကို ကြည့်ရှုလေ့လာရခြင်းအားဖြင့် ကိုယ့်တိုင်းပြည်ကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတဲ့ စိတ်ကူးစိတ်သန်းကောင်းတွေရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ပေါ်ပေါက်လာပါလိမ့်မယ်။ ဒီလိုပေါ်ထွက်လာမယ့် လူ့စွမ်းအားအရင်းအမြစ်တွေကနေတစ်ဆင့် ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီး တည်ဆောက်ဖို့အတွက် အားအင်တစ်ခုဖြစ်လာမယ်လို့ မြင်ပါတယ်။ အခုလို ပွဲတော်တွေမှာ မန္တလေးယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်အနေနဲ့ ပါဝင်ပြသခွင့်ရတာကိုလည်း ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ပြခန်းမှာတော့ တက္ကသိုလ်မှာ သင်ကြားပေးနေတဲ့ ဂီတပညာ၊ သဘင်ပညာ၊ ပန်းချီပညာ၊ ပန်းပုပညာ၊ ရုပ်ရှင်နဲ့ ပြဇာတ်ပညာဘာသာရပ်တွေကို ပြသထားပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ ယဉ်ကျေးမှုပျောက်ရင်၊ လူမျိုးပျောက်တာနဲ့ အတူတူပါ။ ယဉ်ကျေးမှုနိမ့်ပါးရင် လူမျိုးနိမ့်ပါးတာပါ။ ဒါကြောင့်မို့ အနာဂတ်မျိုးဆက်သစ်တွေကို ကိုယ့်နိုင်ငံရဲ့သမိုင်းကြောင်း၊ ယဉ်ကျေးမှုနဲ့ အနုသုခုမပညာရပ်တွေကို ဖော်ထုတ်ပြသပေးခြင်းအားဖြင့် မျိုးဆက်သစ်တိုင်းဟာ ကိုယ့်နိုင်ငံရဲ့ ခေတ်အဆက်ဆက်မှာ လက်ဆင့်ကမ်းထိန်းသိမ်းပြီးတော့ စောင့်ရှောက်ပေးနိုင်မယ့်သူတွေ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒေါက်တာဇင်သူအောင်

ကထိက၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း)

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနပြခန်း

လူငယ်နှင့် အနုပညာစာပေပွဲတော်ပြပွဲကြီးမှာ လူငယ်တွေစိတ်ဝင်စားမှုရှိလာအောင် EV တွေကို လာရောက်ပြသတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း EV ကားတွေ စတင်သုံးစွဲလာပြီဖြစ်တဲ့ အတွက် ဒီပြပွဲကြီးမှာ လာရောက်လေ့လာကြတဲ့ ကျောင်းသား ကျောင်းသူတွေ၊ ဌာနဆိုင်ရာဝန်ထမ်း တွေ၊ ပြည်သူတွေအနေနဲ့ ထဲထဲဝင်ဝင်သိရှိလေ့လာနိုင်အောင် ရှင်းပြပေးပါတယ်။ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးရေးအတွက် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်မှာရှိတဲ့ လေ့ကျင့်ရေးသင်တန်းကျောင်း နှစ်ခုရှိပါတယ်။ အဲဒီမှာသင်ကြားနေတဲ့ အထောက်အကူပြုပစ္စည်း တွေကို ဒီပြခန်းမှာ အဓိကပြသပါတယ်။ လူငယ်တွေဆိုတာ တိုင်းပြည်ရဲ့အနာဂတ်လည်းဖြစ်သလို နောင်တစ်ချိန် မှာ နိုင်ငံ့တာဝန်တွေ ပခုံးပြောင်းထမ်းဆောင်လာကြမယ့်သူတွေလည်းဖြစ်ပါတယ်။ အဲဒီလိုလူငယ်တွေအနေနဲ့ ကမ္ဘာနဲ့အဝန်းမှာ ပြောင်းလဲလာတဲ့နည်းပညာတွေကို မျက်ခြည်မပြတ် လေ့လာနိုင် ဖို့ရယ် ၊ EV ကားတွေက စတင်ခေတ်စားလာတာဖြစ်တဲ့ အတွက်ရယ်ကြောင့် ဒါတွေကို သိရှိသင့်တယ်လို့ ထင်ပါတယ်။ ဒါမှသာ ဗလငါးတန်နဲ့ပြည့်ဝတဲ့ ကလေးတွေဖြစ်လာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ပြခန်းအနေနဲ့ EV နဲ့ ပတ်သက်တဲ့ အသိပညာတွေကို လက်ဆင့်ကမ်းမျှဝေချင်တာဖြစ်တဲ့အတွက် တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ၊ အခြေခံပညာကျောင်းတွေက ကျောင်းသား ကျောင်းသူတွေ၊ ပြည်သူတွေအနေနဲ့ EV ပြခန်းကို လာရောက်လေ့လာစေချင်ပါတယ်။ လာရောက်လေ့လာတဲ့ ကလေးတွေကို အသိပညာတိုးတက်လာဖို့ ဉာဏ်စမ်းပဟေဠိတွေ ဖြေရင်းနဲ့ လက်ဆောင်ပစ္စည်းတွေ လာယူဖို့ ဖိတ်ခေါ်ပါတယ်။

မောင်သီဟအောင်(Grade-12)

အထက(၅)၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်

ဒီနေ့ကျင်းပတဲ့ လူငယ်နှင့် စာပေအနုပညာပွဲတော်ကို ကျင်းပတဲ့ပြခန်းတွေမှာ သက်ဆိုင်ရာဝန်ကြီးဌာန၊ တက္ကသိုလ်တွေကနေ ကျောင်းသားလူငယ်တွေအတွက် ဗဟုသုတများစွာရရှိဖို့အတွက် အထောက်အပံ့ကောင်းတွေ ရရှိလာတယ်လို့ မြင်ပါတယ်။ လာရောက်လေ့လာတဲ့ ကျောင်းသားလူငယ်တွေအားလုံးအတွက် အကျိုးလည်းရှိမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်ကတော့ သိပ္ပံနဲ့နည်းပညာပြခန်းတွေ၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်တွေကနေပြတဲ့ ပြခန်းတွေ၊ ဉာဏ်စမ်းပဟေဠိဖြေဆိုတဲ့ အစီအစဉ်တွေကို သွားပြီးလေ့လာဖြစ်ခဲ့တယ်။ ကျွန်တော်ကတော့ သိပ္ပံနဲ့နည်းပညာပြခန်းကို သဘောကျပါတယ်။ ဒီမှာရှိတဲ့ ပြခန်းတွေအားလုံးမှာ ကျောင်းသား လူငယ်တွေအနေနဲ့ ကိုယ်စိတ်ဝင်စားတဲ့၊ ကိုယ်ဝါသနာပါတဲ့ အရာတွေကို လေ့လာနိုင်သလို သိရှိလိုတဲ့ အရာတွေအားလုံးကိုလည်း သက်ဆိုင်ရာ ပြခန်းတာဝန်ခံတွေက တာဝန်ရှိသူတွေကို မေးလို့ရတယ်။ ဆရာ ဆရာမတွေကို မေးလို့ရတဲ့အတွက် အဲဒီကနေ ကိုယ့်အနာဂတ်ခရီးလမ်းအတွက်၊ အသက်မွေးဝမ်းကျောင်းအတွက် အသိပညာများစွာ ရရှိပါတယ်။

မောင်အောင်မြင့်

အထက(၁)၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော်

လူငယ်နှင့်စာပေအနုပညာပွဲတော်ကြီးဖွင့်ပွဲနေ့မှာ သူငယ်ချင်း ၈၉ ယောက်နဲ့ ဘင်ခရာအဖွဲ့ကနေ ပါဝင်အားဖြည့်ထားပါတယ်။ ဒီနေ့ခင်းကျင်းပြသထားတဲ့ပြခန်းတွေကိုလည်း လေ့လာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနက ပြခန်းတွေကို အထူးစိတ်ဝင်စားပါတယ်။ အဲဒီ ပြခန်းကို လေ့လာပြီး‌တော့ လူငယ်တစ်ယောက်အနေနဲ့ စွန့်ဦးတီထွင်တာတွေ လုပ်ချင်တယ်။ ပြခန်းမှာ မိုးလေဝသတိုင်းတာတဲ့ စက်တွေ။ လေယာဉ်အမောင်းသင်တာတွေ။ ကားအမောင်းသင်တာတွေ။ EV ကားတွေ ခင်းကျင်းပြသထားတဲ့အတွက် လူငယ်တစ်ယောက်အနေနဲ့ ပိုပြီးစိတ်ဝင် စားမိပါတယ်။ ဒီလိုပွဲမျိုးမှာ ဗဟုသုတအများကြီး ရရှိတဲ့အတွက် လာရောက်လေ့လာကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။

မောင်လရောင်

ဂျူဒိုအားကစားသရုပ်ပြအဖွဲ့

ကျွန်တော်ကတော့ ဒီနေ့ဖွင့်ပွဲနေ့မှာ ဂျူဒိုအားကစားနည်းမှာ သရုပ်ပြသဖို့ ပါဝင်အားဖြည့်ပေးထားပါတယ်။ ကျွန်တော်နဲ့အတူ အခြားဗိုဗီနမ်၊ တိုက်ကွမ်ဒိုစတဲ့ အားကစားသမားတွေလည်း ပါပါတယ်။ အခုလို လူငယ်နှင့် စာပေအနုပညာပွဲတော်ကြီးမှာ ပါဝင်ခွင့်ရတဲ့အတွက် တော်တော်လေးစိတ်လှုပ်ရှားမိပါတယ်။ အခုလိုမျိုး လူငယ်တွေအတွက် ဗလ ငါးတန်ဘက်စုံဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်အနေနဲ့ ဆောင်ရွက်ပေးနေရာမှာ အဓိကအားဖြင့် အားကစားကို ပိုစိတ်ပါဝင်စားတဲ့ လူငယ်တွေ ပိုပြီးတော့ ရှိလာစေချင်တယ်။ အားကစားလုပ်တယ်ဆိုတာ ကိုယ်ကာယဖွံ့ဖြိုးစေဖို့ အထောက်အကူဖြစ်စေတဲ့အတွက် ကျန်းမာကြံ့ခိုင်ပြီး ဘက်စုံဖွံ့ဖြိုးတဲ့ လူငယ်လူရွယ်တွေ ဖြစ်လာစေဖို့အတွက် အားကစားတစ်ခုခုကို မဖြစ်မနေလုပ်ကြဖို့လည်း တိုက်တွန်းချင်ပါတယ်။

ဇင်ဦး၊ ဟိန်းထက်ဇော်

ဓာတ်ပုံ - ဇင်ဟိန်း