နေပြည်တော် ဒီဇင်ဘာ ၁၉
“ပြည်ထောင်စုအကျိုးသယ်ပိုးဖို့ အသိပညာမြှင့်တင်စို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်ကို နေပြည်တော်ရှိဝဏ္ဏသိဒ္ဒိအားကစားရုံ (B) ၌ ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မည်ဖြစ်သည်။
ထည့်သွင်းပြသ
အဆိုပါပွဲတော်ကြီး၌ မြန်မာနိုင်ငံ၏ အနာဂတ်ခေါင်းဆောင်များဖြစ်ကြသည့် လူငယ်များနှင့် ကလေးများလွတ်လပ်ရေးနေ့နှင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများကို သိမြင်နိုင်စေရန်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ မြင့်မားလာစေရန်နှင့် စာပေနှင့်အနုပညာရပ်များ၏ အကျိုးကျေးဇူးသိရှိစေပြီး နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်လာစေရန်အတွက် ဝန်ကြီးဌာန ၁၅ ခုမှ သက်ဆိုင်ရာကဏ္ဍအလိုက် ခင်းကျင်းပြသထားသည့်ပြခန်းများ၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင်နှင့် ပြင်ပစာအုပ်အရောင်းဆိုင်များ၊ လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြိုင်ပွဲမှ တန်ခိုးကြီးဘုရားစေတီများ၊ သဘာဝအလှရှုခင်းများ၊ ရိုးရာဓလေ့ပွဲတော်များနှင့် အထင်ကရနေရာများ၏ မှတ်တမ်းဓာတ်ပုံများနှင့် ဆုရဓာတ်ပုံများ၊ ၂၀ ရာစု မြန်မာစာရေးဆရာ၊ ဆရာမတို့၏ ဓာတ်ပုံများကို ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ပြင်ဆင်ဆောင်ရွက်
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြခန်းပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်က “အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအနေနဲ့ အားကစားနှင့်ကာယ ပညာဦးစီးဌာနပြခန်းနဲ့ လူငယ်ရေးရာ ဦးစီးဌာနပြခန်းဆိုပြီး အပိုင်းနှစ်ပိုင်းခွဲပြီး ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။ အားကစားနှင့် ကာယပညာဦးစီးဌာနပြခန်းမှာ အထိမ်းအမှတ်ပစ္စည်းများပြခန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနကထုတ်ဝေတဲ့ စာအုပ်စာတမ်းများပြခန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် အားကစားအောင်မြင်မှုများ ပြခန်းနဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းတွေရဲ့ ရုပ်တုများကို ခင်းကျင်းပြသထားပါတယ်။ ပွဲတော်ကို လာရောက်လည်ပတ်ကြတဲ့ ကျောင်းသားလူငယ်တွေ အားကစားလှုပ်ရှားမှု ပျော်ရွှင်စွာကစားနိုင်ဖို့ အားကစားနည်းငါးမျိုးကိုလည်း ပြခန်းအဖြစ် ထည့်သွင်းထားပါတယ်။ ပထမဆုံးအထိမ်းအမှတ်ပစ္စည်းများပြခန်းမှာ အရှေ့တောင်အာရှအားကစား ပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲနဲ့ အိုလံပစ်ပြိုင်ပွဲတွေမှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ နိုင်ငံတိုင်းက ဖွင့်ပွဲအခမ်းအနားတွေလုပ်တဲ့အခါမှာ မီးရှူးတိုင်ကို သယ်ယူခွင့်ရရှိတဲ့သူတွေဟာ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့နိုင်ငံရဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတွေ ဖြစ်ပါတယ်။ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီးတွေ ကိုယ်တိုင်သယ်ယူခဲ့တဲ့ မီးရှူးတိုင်ကို ကျွန်တော်တို့နိုင်ငံက ကျောင်းသားလူငယ်တွေ တွေ့မြင်ပြီး အားကျအတုယူစိတ်တွေ ဖြစ်လာအောင် မီးရှူးတိုင်တွေကို ခင်းကျင်း ပြသထားခြင်း ဖြစ်ပါတယ်” ဟုပြောသည်။
ဖွင့်လှစ်ရောင်းချ
ထို့ပြင် ပွဲတော်သို့ လာရောက်လေ့လာကြသည့် ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာကစားနိုင်ရန် ဝန်ကြီးဌာနများမှ စိတ်ဝင်စားဖွယ် ကစားနည်းများ၊ စကားပုံဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ်၊ အိမ်ဆောက်ကစားနည်းများနှင့် ဉာဏ်စမ်းပဟေဠိ ကစားနည်းများကို အသိပညာပေးနည်းလမ်းများနှင့်တွဲဖက်၍ ကစားစေမည့်အစီအစဉ်များ ထည့်သွင်း ကျင်းပမည့်အပြင် ပွဲတော်သို့လာရောက်လည်ပတ်ကြမည့် ကျောင်းသားလူငယ် များနှင့် မိဘပြည်သူများ အလွယ်တကူ ဝယ်ယူစားသုံးနိုင်ရန် တိုင်းရင်းသားရိုးရာ စားသောက်ဆိုင်များကိုလည်း ဖွင့်လှစ်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူး ဦးဌေးအောင်က “နိုင်ငံတကာ အားကစား ပြိုင်ပွဲတွေကို သွားရောက်ယှဉ်ပြိုင်တဲ့အခါမှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ နိုင်ငံတွေက အထိမ်းအမှတ်ပစ္စည်းတွေကိုလည်း ခင်းကျင်းပြသထားပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်မှာ ကမ္ဘာ့အဆင့်၊ အာရှအဆင့် ပြိုင်ပွဲတွေမှာရရှိခဲ့တဲ့ ရွှေဆုတံဆိပ်တွေအပြင် ကျွန်တော်တို့ဌာနက ထုတ်ဝေထားတဲ့ အားကစားနည်းအလိုက် နည်းပြလက်စွဲစာအုပ်တွေ၊ လစဉ်ထုတ် အားကစားသတင်းလွှာနဲ့ မဂ္ဂဇင်းတွေ၊ အခြားထုတ်ဝေ ထားတဲ့စာအုပ်တွေကိုလည်း ပြသထားပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်မှာ အားကစား အောင်မြင်မှုရရှိရေးအတွက် နိုင်ငံတော်အဆင့် အားပေးအားမြှောက်မှုမှတ်တမ်း၊ မှတ်ရာတွေ၊ ကမ္ဘာ့အဆင့်၊ အာရှအဆင့်ပြိုင်ပွဲတွေမှာ အောင်မြင်မှုရရှိခဲ့တဲ့ အားကစားသမားတွေရဲ့ မှတ်တမ်းပုံရိပ်တွေဖြစ်တဲ့ မှတ်တမ်းဓာတ်ပုံတွေ၊ မကြာသေးမီက ကျင်းပပြီးစီးခဲ့တဲ့ (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲရဲ့ မှတ်တမ်းဓာတ်ပုံတွေနဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလူထုအားကစား လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံကိုလည်း ခင်းကျင်းပြသထားပါတယ်”
“အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနဲ့ ပြခန်းကိုလာရောက်လေ့လာကြမယ့် ကျောင်းသားလူငယ်တွေ စိတ်ပါဝင်စားစွာ ပျော်ရွှင်စေဖို့အတွက် အားကစားနည်း ငါးမျိုးဖြစ်တဲ့ ဘောလုံး၊ မြားပစ်၊ ဘတ်စကက်ဘော၊ ဂေါက်နဲ့ သဲကွင်းပစ်တို့ ဆော့ကစားနိုင်ဖို့ကိုလည်း ထည့်သွင်းထားပါတယ်။
ဒီအားကစားနည်းတွေကို ကစားတဲ့အခါမှာ သတ်မှတ်တဲ့ အကြိမ်အရေအတွက်အတိုင်း ကစားနိုင်မယ်ဆိုရင် တီရှပ်၊ အချိုရည်ဘူးတွေ ဆုချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။ ဒီပွဲတော်ကို နိုင်ငံတော်က နှစ်စဉ်စီစဉ်ကျင်းပပေးတဲ့ ပွဲတော်လည်းဖြစ်သလို ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီး ဦးဆောင်ပြီးကျင်းပတဲ့ ပွဲတော်လည်း ဖြစ်ပါတယ်။ ဒီပွဲတော်မှာ ဝန်ကြီးဌာန ၁၆ ခုကနေ ဝန်ကြီးဌာနအလိုက် လှုပ်ရှားမှုတွေကို ပြည့်ပြည့်စုံစုံ ခင်းကျင်းပြသထားတဲ့အတွက် ကျောင်းသား လူငယ်တွေအနေနဲ့ ဒီပွဲတော်ကို လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်။ ပွဲတော်မှာပြသထားတဲ့ ကျောင်းသားလူငယ်တွေအတွက် သိသင့်သိထိုက်တဲ့ စာအုပ် စာပေကိုလည်း ပွဲတော်ကတစ်ဆင့်ဝယ်ယူပြီး အသိပညာဗဟုသုတတိုးပွားစေဖို့ နောင်တစ်ခေတ်ရဲ့ ပခုံးပြောင်းတာဝန်ယူကြရမယ့် လူငယ်တွေဟာ ဘက်စုံဖွံ့ဖြိုး တိုးတက်စေဖို့ လူငယ်နှင့် စာပေအနုပညာပွဲတော်ကို မပျက်မကွက် လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ပြောကြားသည်။
လူငယ်စကားဝိုင်းထည့်သွင်းကျင်းပ
အလားတူ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးရုံးမှ ဝန်ထမ်းများ၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှဝန်ထမ်းများနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ ဖျော်ဖြေရေးအစီအစဉ်များ၊ အသိပညာဗဟုသုတရဖွယ် လူငယ်စကားဝိုင်း ဆွေးနွေးပွဲများကိုလည်း ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နည်းပညာတွေသိရှိနိုင်
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနပြခန်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နွယ်နီက “သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေနဲ့ လူငယ်နှင့်စာပေအနုပညာပွဲတော်မှာ အပိုင်းသုံးပိုင်း ခင်းကျင်းပြသ သွားမှာပါ။ ပထမပိုင်းအနေနဲ့ အဆင့်မြင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာပြခန်း၊ ဒုတိယအပိုင်းအနေနဲ့ အဏုမြူစွမ်းအင်ဆိုင်ရာပြခန်း၊ တတိယအပိုင်းအနေနဲ့ လျှပ်စစ်ကား နည်းပညာဆိုင်ရာပြခန်းတို့ကို ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။ အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာပြခန်းမှာ ICT ၊ Technology တွေနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ပါဝင်ပါတယ်။ တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေ ပြုလုပ်ထား တဲ့ Project တွေကိုလည်း ပြသသွားမှာ ဖြစ်ပါတယ်။ အဏုမြူစွမ်းအင်ဆိုင်ရာ ပြခန်းမှာ ကျောင်းသားလူငယ်တွေနဲ့ ပြည်သူတွေ အဏုမြူစွမ်းအင်ဆိုင်ရာတွေ သိဖို့အတွက် အသေးစိတ်ပြသထားပါတယ်။ လျှပ်စစ်ကားနည်းပညာဆိုင်ရာ ပြခန်းမှာဆိုရင် အခုလက်ရှိမှာ EV ကားတွေကို အသုံးများလာတဲ့အတွက် ဘယ်လိုအသုံးပြုရတယ်ဆိုတာကို နမူနာပုံစံငယ်လေးတွေနဲ့ အသေးစိတ်ပြသမှာဖြစ်ပါတယ်။ နည်းပညာတက္ကသိုလ် ကျောင်းသား ကျောင်းသူတွေ တီထွင်ထားတဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနဲ့ တက္ကသိုလ် အဆင့်တွေပါဝင်ဆင်နွှဲလို့ရတဲ့ စုံထောက်လုပ်ကြမယ် ဉာဏ်စမ်းပဟေဠိကို ပါဝင် ဆင်နွှဲပြီး အနိုင်ရရင် ဆုတွေကိုချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသား လူငယ်တွေနဲ့ ပြည်သူတွေအားလုံး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြခန်းကို ကြည့်ရှုခြင်းအားဖြင့် ခေတ်နဲ့အညီ ပြောင်းလဲနေတဲ့ နည်းပညာတွေကို သိရှိနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် လာရောက် လေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ပြောသည်။
မြတ်နိုးတန်ဖိုးထားစိတ်များဖြစ်ပေါ်
အဆိုပါပွဲတော်အား လူငယ်များ ဉာဏ်ရည်ဉာဏ်သွေးနှင့် အယူအဆများ ထက်မြက်လာစေရေးအတွက် စာအုပ်စာစောင်များကို တန်ဖိုးထားဖတ်ရှုလိုစိတ် ဖြစ်ပေါ်လာစေရန်နှင့် လူငယ်များ စာပေနှင့်ရင်းနှီးပြီး စာပေ၏အကျိုးကျေးဇူးကို သိရှိနိုင်စေရန်၊ စာပေနှင့်အနုပညာမှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေပြီး လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကြောင်းများ၊ ကိုလိုနီလက်အောက်ခံဘဝတွင် တွေ့ကြုံခံစားရမှုများကို သိမြင်စေကာ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို လေးစားတန်ဖိုးထားတတ်စေရန်၊ ဓာတ်ပုံအနုပညာပြပွဲမှတစ်ဆင့် မြန်မာနိုင်ငံ၏ အေးချမ်းတည်ငြိမ်မှု၊ သာယာလှပမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုများ၊ ချစ်စဖွယ်ကျေးလက်ဒေသ အလှအပများကို သိရှိခံစားပြီး မိမိတို့၏ တိုင်းဒေသကြီး/ပြည်နယ်များအပေါ် မြတ်နိုးတန်ဖိုးထားစိတ်များ ဖြစ်ပေါ်လာစေရန်နှင့် ပြခန်းများ ခင်းကျင်းပြသမှုများမှတစ်ဆင့် ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို အလွယ်တကူ သိမြင်နိုင်စေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
စီစဉ်ဆောင်ရွက်
ထိုသို့ ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်အစိုးရက စေတနာအပြည့်ဖြင့် စီစဉ်ဆောင်ရွက်ထားသည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်သို့ နောင်အနာဂတ်တွင် နိုင်ငံတာဝန်များကို ပခုံးပြောင်းတာဝန်ထမ်း ဆောင်ကြရမည့် ကျောင်းသားလူငယ်များအနေဖြင့် တက်ကြွသည့် ခြေလှမ်းများဖြင့် လှမ်းလာကြပါရန် ဖိတ်ခေါ်လိုက်ရပါသည်။
သတင်း - အေးအေးသန့်/ဟိန်းမင်းစိုး
ဓာတ်ပုံ ရွှေကိုလေး