နေပြည်တော် ဒီဇင်ဘာ ၁၉
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၃) ကို ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ(၂) အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။
ပူးပေါင်းဆောင်ရွက်ရန်လိုအပ်
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) က အဖွင့်အမှာ စကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို ၂၀၁၄ ခုနှစ်တွင်ထုတ်ပြန်ခဲ့ပြီး လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံး ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန် သက်ဆိုင်ရာဌာနများ ပါဝင်သည့် အမျိုးသားကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတကာအစီရင်ခံစာများအရ တစ်ကမ္ဘာလုံး၏ “GDP တွင် လူမှုကာကွယ်စောင့်ရှောက်ရေး အသုံးစရိတ်ပါဝင်မှုရာခိုင်နှုန်း” သည် ၁၂ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ဝင်ငွေအနည်းဆုံးနိုင်ငံများ အနေဖြင့် ၁ ဒသမ ၁ ရာခိုင်နှုန်းရှိ၍ မြန်မာနိုင်ငံအနေဖြင့် ၀ ဒသမ ၉၉ ရာခိုင်နှုန်း ထောက်ပံ့ပေးလျက်ရှိကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့်မွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ်၊ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးသူများအား လူမှုရေးပင်စင်ထောက်ပံ့သည့် အစီအစဉ်နှင့် ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာဌာနများသာမက တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များလည်း ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၏ အရေးကြီးသော လုပ်ငန်းနယ်ပယ်များဖြစ်သည့် အာဟာရပြည့်ဝရေး၊ ပညာရည်မြင့်မားရေး၊ (၅) နှစ်အောက် ကလေးသေဆုံးမှုလျှော့ချရေး၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး ကိစ္စရပ်များအတွက် ရေးဆွဲပြဋ္ဌာန်းထားသောမူဝါဒများ၊ မဟာဗျူဟာစီမံချက်များနှင့်အညီ နိုင်ငံတော်အဆင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် အရေးကြီးကြောင်း ပြောကြားသည်။
ဆွေးနွေးပြောကြား
ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၊ ဒုတိယဥက္ကဋ္ဌ (၂) က အလုပ်သမားဝန်ကြီးဌာနလက်အောက်ရှိ လူမှုဖူလုံရေးအဖွဲ့က ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ အလုပ်အကိုင်အခွင့်အလမ်းတိုးမြှင့်ရရှိရေး ဆောင်ရွက်ချက်များကို ဆွေးနွေးပြောကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တွဲဖက်အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက် ဆောင်ရွက်မှုများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများ၊ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အညွှန်းကိန်းများ၊ ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်မှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးဆုံးဖြတ်ချက် မူကြမ်း (၆) ရပ် ချမှတ်သည်။
ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီ၊ ဒုတိယဥက္ကဋ္ဌ (၁) က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းကာ နိဂုံးချုပ်အမှာစကား ပြောကြားသည်။
သတင်းစဉ်