ရန်ကုန် ဒီဇင်ဘာ ၁၉
ကောလင်းဒေသ၊ ထီးချိုင့်ဒေသအပါအဝင် ယာယီတိုက်ပွဲရှောင်ဒေသအသီးသီးမှ ပညာသင်ယူခွင့် ဆုံးရှုံးနေကြသော ကျောင်းသား ကျောင်းသူများအနေဖြင့် International Buddhist Education Centre (IBEC) ကျောင်းတွင် ပညာသင်ကြားနိုင်ကြောင်း အဆိုပါကျောင်းက ဖိတ်ခေါ်ထားရာ ဆက်သွယ်မှုများပြားကြောင်း အဆိုပါကျောင်းမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးရှိ အဆိုပါကျောင်းကို အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ အရှင်သောဘိတက တည်ထောင်ထားခြင်းဖြစ်ကာ အဆိုပါပညာရေးအထူးအစီအစဉ်ကို ခရိုင်ပညာရေးမှူး၏ ထောက်ခံခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
“လိုသူမျှပေး ပညာရေး” အစီအစဉ်ဖြင့် ယာယီတိုက်ပွဲရှောင်ဒေသမှ ကလေးငယ်များအား ပညာဆက်လက်သင်ကြားနိုင်စေရန်အတွက် ရည်ရွယ်ချက်၊ ကျောင်းနေအရွယ်ကလေးများအားလုံး ခွဲခြားမှုမရှိဘဲလွတ်လပ်ငြိမ်းချမ်းစွာ ပညာသင်ယူနိုင်ရေးဟူသော ရည်ရွယ်ချက်များဖြင့် စိန်ခေါ်မှုများကြားမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်းလည်း အဆိုပါကျောင်းမှ သိရသည်။
IBEC ဆရာတော်က ကျောင်းအပ်လက်ခံခြင်းနှင့်ပတ်သက်၍ IBEC ပညာရေးဘုတ်အဖွဲ့အား လမ်းညွှန်ထားရာတွင် တတ်နိုင်သမျှနည်းလမ်းများဖြင့် ကူညီပေးရန်၊ ကလေးငယ်များ ပညာသင်ယူခွင့်မဆုံးရှုံးစေရန် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ဆက်သွယ်ဆောင်ရွက်ရန်၊ အဆိုပါဒေသမှ ကလေးငယ်များသည် ပညာရေးတစ်ပိုင်းတစ်စများဖြစ်ကြပြီး ဆက်လက်ပညာသင်ယူရန်အတွက် အမှန်တကယ် အခက်အခဲဖြစ်နေကြသည်ကို ကြားသိရသည့်အတွက် မည်ကဲ့သို့ လက်ခံဆောင်ရွက်ပေး နိုင်သည်ကို သေချာရှင်းပြ၍ IBEC ကျောင်းတော်ကြီးတွင် ဆက်လက်ပညာသင်ယူစေရန်၊ လာရောက်ဆက်သွယ်မှုများ များပြားသည့်အတွက် ကျောင်းအပ်လက်ခံခြင်းများကို စနစ်တကျစီစဉ်ကာ ပညာရေးမူဝါဒများနှင့် ညီညွတ်စွာလက်ခံနိုင်ရေး ဆောင်ရွက်ရန်၊ ကလေးငယ်များ ပညာသင်ယူခွင့် မဆုံးရှုံးစေရေးအတွက်မှာ အလွန်အရေးကြီးသည့်အတွက် အဆိုပါအချက်ကို အဓိကထား ဦးစားပေးဆောင်ရွက်ရန်တို့ ပါဝင်ကြောင်းလည်း သိရသည်။
သစ်တော်
