Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေနေပြည်တော် လယ်ဝေးမြို့နယ် ရုံးတောကျေးရွာ၌ ဆီထွက်သီးနှံနေကြာ စမ်းသပ်စိုက်ပျိုးနေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၁၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ယနေ့နံနက်ပိုင်းတွင် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော လယ်ဝေးမြို့နယ် မြွေရိုးကျောင်းစုကျေးရွာအုပ်စု ရုံးတောကျေးရွာ၌ ရွှေဝါထွန်း (၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက် အသင်းပိုင်မြေ ၁၅ ဧကပေါ်တွင် ဆီထွက်သီးနှံနေကြာ စမ်းသပ်စိုက်ပျိုးနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက်ရင်းနှီး မြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ရုံးတောကျေးရွာ၌ ရွှေဝါထွန်း (၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက် အသင်းပိုင်မြေ ၁၅ ဧကပေါ်တွင် ဆီထွက်သီးနှံနေကြာ မျိုးများဖြစ်သည့် မြန်မာနိုင်ငံမှ ရေဆင်းမျိုး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Norma ၊ Bravo ၊ Excellent မျိုးများ စမ်းသပ်စိုက်ပျိုးနေမှုကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်ပစားသုံးဆီတင်သွင်းမှုလျော့ကျရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ သမဝါယမအသင်းသား တောင်သူများ၊ တာဝန်ရှိသူများအနေဖြင့် သီးနှံများအထွက်တိုးစေရေးအတွက် လိုအပ်သည့်မျိုးကောင်းမျိုးသန့်၊ စိုက်ပျိုးမြေအမျိုးအစား၊ စိုက်ပျိုးရေရရှိရေးနှင့် စိုက်နည်းစနစ်များရရှိပြီဖြစ်၍ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ၏ ရာသီဥတု၊ မြေအမျိုးအစားပေါ်မူတည်၍ မည်သည့်မျိုးကရာသီဥတုနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည်ကို သိရှိရန်လိုအပ်ပြီး လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို စနစ်တကျမှတ်တမ်းတင်ထားရှိရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းစဉ်များကို စနစ်တကျဆောင်ရွက်ရန်၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့နှင့်ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သတ်မှတ်ချိန်စိုက်ပျိုးရေရရှိရန်အတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့်လည်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားပြီး ဆောင်းဆီထွက်သီးနှံနေကြာ စမ်းသပ်စိုက်ပျိုးနေမှုကို ကြည့်ရှုစစ်ဆေးသည်။

သတင်းစဉ်