Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ ထိုင်းနိုင်ငံ ဗန်ကောက်မြို့အခြေစိုက် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး Mr. Pio Smith နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၁၉

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့အခြေစိုက် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး Mr. Pio Smith နှင့်အဖွဲ့အား ယနေ့မွန်းလွဲ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနနှင့် UNFPA တို့အကြား နှစ်ကာလရှည်ကြာစွာ လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့မှုနှင့် UNFPA ၏ မျိုးဆက်ပွားကျန်းမာရေး၊ လူငယ်လူရွယ်ကဏ္ဍ၊ HIV နှင့် AIDS၊ ကျား/မတန်းတူညီမျှမှုနှင့် ကျား/မအခြေပြုအကြမ်းဖက်မှုလုပ်ငန်းများကို ကူညီဆောင်ရွက်ရာတွင် လူဦးရေဆိုင်ရာ ကိန်းဂဏန်းများမှန်ကန်ရန်လိုအပ်သဖြင့် ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ လူဦးရေဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည့်အခြေအနေ၊ မြန်မာနိုင်ငံ၏ လူဦးရေနှင့် မိသားစုစီမံကိန်းအတွက် လိုအပ်ချက်များကို တုံ့ပြန်ဖြေရှင်းနိုင်ရန် အသိပညာနှင့် စွမ်းဆောင်ရည်တည်ဆောက်ရေး၊ ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံ၏ လူဦးရေပြဿနာများနှင့် အဆိုပါပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး ဖြစ်နိုင်သည့်နည်းဗျူဟာများနှင့်ပတ်သက်သည့် အသိပညာမြှင့်တင်ရေး၊ မြန်မာနိုင်ငံ၏ လူဦးရေပြဿနာများကို ဖြေရှင်းရာတွင် လိုအပ်ချက်များနှင့်ကိုက်ညီသည့် ပုံစံအမျိုးမျိုးဖြင့် ကူညီဆောင်ရွက်ပေးရေး၊ လူဦးရေဆိုင်ရာလုပ်ငန်းအစီအစဉ်များ မြှင့်တင်ဆောင်ရွက်ပေးရေး၊ ဝန်ကြီးဌာနနှင့် UNFPA တို့အကြား လုပ်ငန်းများဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်