Skip to main content

နိုင်ငံတော်အနေဖြင့် ကော်ဖီလုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်

နေပြည်တော် ဒီဇင်ဘာ ၁၈

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ညနေပိုင်းတွင် ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ သီးခြားလွတ်လပ်သော ပညာရှင်အဖွဲ့နှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် စက်မှုဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော စီမံကိန်းနှစ်ခုဖြစ်သည့် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) နှင့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းတို့နှင့်စပ်လျဉ်း၍ ဘဏ္ဍာငွေကြေးသုံးစွဲရာ၌ မှန်ကန်မှုရှိစေရေး၊ စက်ရုံ၏နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များ၊ လိုအပ်ချက်များကို စနစ်တကျစိစစ်ပေးနိုင်ရေး၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းကိစ္စရပ်များအပေါ် လိုအပ်ချက်များကိုစိစစ်၍ ပံ့ပိုးကူညီပေးရေး၊ စက်ရုံရှိ စက်ပစ္စည်းကိရိယာများအား စက်ရုံရှိဝန်ထမ်းများ၊ ပြည်တွင်းပညာရှင် များစုပေါင်း၍ ပြင်ဆင်ထားရှိမှုအခြေအနေများကို ပြည်ပကျွမ်းကျင်ပညာရှင်များအဖွဲ့က လာရောက်စစ်ဆေးခဲ့မှုနှင့်ပတ်သက်၍ အကြံပြုပေးနိုင်ရေးစသည့် ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကော်ဖီ စိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များ၊ တောင်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ဟိုပုံးမြို့ရှိ Coffee Neo စက်ရုံ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်စီးပွားရေးရာဝန်ကြီး ဦးခွန်သိမ်းမောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကော်ဖီစိုက်ပျိုး ထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို အသင်းအဖွဲ့များမှတစ်ဆင့် တင်ပြဆောင်ရွက်နိုင်သလို တာဝန်ရှိသူများ လာရောက်တွေ့ဆုံချိန်များတွင်လည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြပေးစေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် ဝန်ကြီးချုပ်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများ ဖွံ့ဖြိုးတိုးတက်အောင် ပြည်နယ်အစိုးရအနေဖြင့် အစွမ်းကုန်ကူညီဖြည့်ဆည်းပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် Coffee Neo လုပ်ငန်း၊ နောင်ခမ်းကော်ဖီလုပ်ငန်း၊ Green Gold ကော်ဖီလုပ်ငန်း၊ Indigo Mountain ကော်ဖီလုပ်ငန်းတို့မှ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်စဉ် တွေ့ကြုံနေ့ရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်တို့က ပြန်လည်ရှင်းလင်းဖြေကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး Coffee Neo စက်ရုံအတွင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို လိုက်လံအားပေးကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိ ပြီး ဝန်ထမ်းများ ရုံးလုပ်ငန်းတာဝန်များ ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်