ရန်ကုန် ဒီဇင်ဘာ ၁၈
တောင်ကိုးရီးယား သမ္မတနိုင်ငံသွားရောက် အလုပ်လုပ်ကိုင်သည့် Re-entry လုပ်သားအချို့ထံမှ တားမြစ်ထားသည့် အစားအသောက်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့ရာ မြန်မာလုပ်သားများ၏ ပုံရိပ် မကျဆင်းစေရေးနှင့် ကိုရီးယားသို့ ဝင်ရောက်မည့် မြန်မာလုပ်သားများ အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ရန် တားမြစ်ပစ္စည်းများ သယ်ဆောင် ခြင်းမပြုရန် POEA-EPS (အစိုးရ ၏ ပြည်ပအလုပ်အကိုင်အေဂျင်စီ) က အသိပေးထားသည်။
EPS လုပ်သားများအား အင်းချွန်းလေဆိပ်၏ တားမြစ်ပစ္စည်းများကို သယ်ဆောင်ခြင်းမပြုရန် အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှအကြိမ်ကြိမ်အသိပေး ထားသော်လည်း ဒီဇင်ဘာ ၁၄ ရက် တွင် ဝင်ရောက်မည့် Re-entry လုပ်သားအချို့သည် အင်းချွန်း လေဆိပ်အဝင် တားမြစ်ပစ္စည်း များ သယ်ဆောင်လာကြောင်းတွေ့ရှိခဲ့၍ လေဆိပ်၌ပစ္စည်း သိမ်းဆည်းခံရခြင်းနှင့် ငွေဒဏ်ပေးဆောင်ခဲ့ရကြောင်း POEA-EPS က ဆိုသည်။
ယခုကဲ့သို့ တားမြစ်ပစ္စည်း သယ်ဆောင်၍ ဒဏ်ရိုက်ခံရသူ များကို မြန်မာဘက်မှလည်း Blacklist ထည့်၍ မြန်မာပြည်ပြန်လာချိန် ဒဏ်ငွေဆောင်ခြင်း၊ လဝက မှတ်တမ်းတွင်လည်း ထည့်သွင်းပြီး သံရုံးသို့ဆက်သွယ်ပြီး ဗီဇာသက်တမ်းမတိုးပေးခြင်းနှင့် passport သက်တမ်း မတိုးပေးခြင်းမျိုးအထိ ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း အကြံပြုထားသည်။
“မြန်မာဘက်ကလည်း ပြစ်ဒဏ် သတ်မှတ်ထားမှ အဆင်ပြေသွားမှာ”ဟု ကိုရီးယားရောက် မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။
ထို့ကဲ့သို့ တားမြစ်ပစ္စည်းများကို ယူဆောင်ခြင်းများလာပါက နောက်လာမည့်သူများကိုပါ အယုံအကြည့်မဲ့နိုင်ကြောင်းလည်း ၎င်းကပြောသည်။
MT