နေပြည်တော် ဒီဇင်ဘာ ၁၈
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးဦးမျိုးလှိုင်နှင့် ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်လူငယ်နှင့်စာပေ အနုပညာပွဲတော် ကျင်းပမည့် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစား ရုံ(B)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ပြင်ဆင်ဆောင်ရွက်မှုကြည့်ရှု
ဦးစွာ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာနပြခန်း ခင်းကျင်းပြသရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိသည့် အားကစားလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရှင်များ၏ ပုံတူရုပ်တုများ၊ စာအုပ်စာပေများ၊ ပွဲတော်သို့လာရောက်ကြသူများ ပျော်ပျော်ရွှင်ရွှင် အားကစားနည်းဂိမ်းများ ကစားနိုင်စေရေးနှင့် လူငယ်ကဏ္ဍနှင့် ပတ်သက်သည့် လှုပ်ရှားဆောင်ရွက်ခဲ့မှုမှတ်တမ်းများ၊ အသက်မွေးဝမ်းကျောင်း သင်တန်းဖွင့်လှစ်ခဲ့မှု မှတ်တမ်းဓာတ်ပုံများ၊ ဉာဏ်စမ်းပဟေဠိ မေးခွန်းများ ဖြေဆိုနိုင်ရေးနှင့် E-sports ပြခန်းခင်းကျင်း ပြသထားမှုများနှင့်ပတ်သက်ပြီး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။
ကြပ်မတ်ဆောင်ရွက်
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ဖွင့်ပွဲအခမ်းအနား တွင် သရုပ်ပြသမည့် ဂျူဒို၊ ဗိုဗီနမ်၊ ခြင်းလုံး၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ လက်ဝှေ့၊ သိုင်း၊ ကျွမ်းဘား၊ ဘော်လီဘော အားကစားနည်း များနှင့် Fitness Dance သရုပ်ပြအဖွဲ့များ၏ ဇာတ်တိုက်လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးပြီး သရုပ်ပြအားကစားအဖွဲ့များ ညီညီညာညာဖြင့် သရုပ်ပြသနိုင်ရေးအတွက် ဂရုတစိုက် ကြိုးစားဆောင်ရွက်သွားကြရန်နှင့် အုပ်ချုပ်သူ/နည်းပြများကလည်း မိမိအားကစားအဖွဲ့များ စည်းကမ်းတကျ ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ် (၃)၌ ကျင်းပလျက်ရှိသည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅) နှစ်အောက် ဘောလုံး (အမျိုးသမီး) ပြိုင်ပွဲ ပထမအဆင့် အုပ်စုပတ်လည် ပြိုင်ပွဲပွဲစဉ်အဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အသင်းနှင့်နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
