နေပြည်တော် ဒီဇင်ဘာ ၁၈
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃) ကို ယနေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကော်မတီဝင်ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများက Zoom Application Online System ဖြင့် တက်ရောက်ကြသည်။
ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်နိုင်
ရှေးဦးစွာ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌက အမျိုးသားအဆင့်ကော်မတီအနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးလုပ်ငန်းစဉ်များကို ကော်မတီအဆင့်ဆင့် ဖွဲ့စည်း၍ ထိရောက်မြန်ဆန်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှုကြောင့် အောင်မြင်မှုများ အထိုက်အလျောက်ရရှိနေပြီဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီများနှင့် ပြည်နယ်အဆင့်ကော်မတီများအနေဖြင့် ပြီးခဲ့သည့်ရှစ်လတာကာလလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများ၊ ရှေ့ဆက်လက်ဆောင်ရွက် သွားမည့်အစီအမံများကို ယခုအစည်းအဝေးတွင် ပြည့်ပြည့်စုံစုံဆွေးနွေးတင်ပြကြရန်ဖြစ်ကြောင်း။
လိုအပ်သောကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေး
လုပ်ငန်းကော်မတီများအနေဖြင့် ပြန်လည်နေရာ ချထားရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းများကို သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့များနှင့်ညှိနှိုင်းပြီး လုပ်ငန်းကော်မတီဝင်ဝန်ကြီးဌာနများ၊ ပြည်နယ်အစိုးရအဖွဲ့များအလိုက် ရန်ပုံငွေထည့်သွင်းလျာထား၍ ပြည်တွင်းနေရပ်စွန့်ခွာသူများ အတွက် လိုအပ်သောကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေး ကြရမည်ဖြစ်ကြောင်း။
အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အားလုံးပူးပေါင်းပါဝင်၍တက်ကြွစွာ ဆောင်ရွက်ခဲ့မှုကြောင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကျင်းပခဲ့ကာ ဧပြီ ၇ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ အိမ်ထောင်စု ၆၂၄၆ စု၊ လူဦးရေ ၂၄၃၇၀ တို့ကို မူလနေရာများသို့ ပြန်လည်ပို့ဆောင် နေရာချထားပေးနိုင်ခဲ့ပြီး ယာယီခိုလှုံရာစခန်း/စုရပ် ၉၀ ကို ထပ်မံပိတ်သိမ်းနိုင်ခဲ့ကြောင်းနှင့် ဆက်လက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း။
နယ်မြေတည်ငြိမ်အေးချမ်းမှု အမြန်ရရှိနိုင်ရေး
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်ခြင်းများကို အဆုံးသတ်စေနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲသော နယ်မြေတည်ငြိမ်အေးချမ်းမှု အမြန်ရရှိနိုင်ရေးအတွက် ဦးတည်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း နေရပ်စွန့်ခွာသူများ ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိစွာ မှီခိုမှုကင်းစွာဖြင့် ရပ်တည်နေထိုင်သွားနိုင်ရေးအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ပေးခြင်းဖြင့် ၎င်းတို့၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် ဒေသတွင်းရှိ လက်နက်ကိုင်ပဋိပက္ခများနှင့် လူမှုရေးပဋိပက္ခများ လျော့နည်းပပျောက်စေနိုင်သကဲ့သို့ ဒေသဖွံ့ဖြိုးရေးအစီအစဉ်များ ချမှတ်ဖော်ဆောင်ရာ၌ များစွာအထောက်အပံ့ဖြစ်စေကြောင်း၊ လုပ်ငန်းကော်မတီများ၊ ပြည်နယ်အဆင့်ကော်မတီများအနေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ချမှတ်ထားသောမူဝါဒများ၊ အမျိုးသားအဆင့် မဟာဗျူဟာများ၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ အလားတူ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၏ လှူဒါန်းမှုများနှင့် ကူညီပံ့ပိုးမှုများကို စနစ်တကျစီမံခန့်ခွဲ၍ လုပ်ငန်းကော်မတီများ၊ ပြည်နယ်အဆင့်ကော်မတီများအားလုံး အချိတ်အဆက်မိမိ ဟန်ချက်ညီညီထိရောက်ပီပြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားအဆင့်ကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ယာယီခိုလှုံရာ စခန်း/စုရပ်များရှိ နေရပ်စွန့်ခွာသူများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေမှု၊ လူမှုရေးဆိုင်ရာပံ့ပိုးမှု၊ အသက်မွေးဝမ်းကျောင်းသင်တန်း များ ဖွင့်လှစ်ပေးမှု၊ မူလနေရပ်သို့ ပြန်လည်နေထိုင် သူများအတွက်လတ်တလော လိုအပ်သည်များ ထောက်ပံ့ကူညီပေးလျက်ရှိသည့် အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ဆောင်ရွက်မည့်အစီအမံများ
ယင်းနောက် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် အမျိုးသားအဆင့်ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ ပြည်နယ်အဆင့်ကော်မတီများမှ တာဝန်ရှိသူများက သုံးသပ်အကြံပြုချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ အမျိုးသားအဆင့် ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
