Skip to main content

တပ်မတော်ဆေးတက္ကသိုလ်၏ (၂၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၈

တပ်မတော်ဆေးတက္ကသိုလ်၏ (၂၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ တပ်မတော်ဆေးတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ဇော်မန်းဖြိုး၊ တပ်မတော်ဆေးတက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးချုပ်ခင်အောင်ထွန်းနှင့် တပ်မတော်ဆေးတက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြသည်။

အစီအစဉ်အရ တပ်မတော် ဆေးတက္ကသိုလ်ခေတ္တကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမရှိ သတ်မှတ်နေရာများတွင် နေရာယူပြီး နိုင်ငံတော်သီချင်း တီးမှုတ်ကာဘွဲ့နှင်းသဘင်အခမ်း အနားကိုဖွင့်လှစ်သည်။ ထို့နောက် ပါမောက္ခချုပ်ကဘွဲ့နှင်းသဘင် ကျင်းပကြောင်းကြေညာပြီး ဘွဲ့ယူမည့်သူများအား ကတိသစ္စာခံယူစေခြင်း၊ မော်ကွန်းထိန်းက ဘွဲ့ယူမည့်သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ခြင်းတို့ကို အစီအစဉ်အတိုင်းဆောင်ရွက်ကြသည်။

ဆက်လက်၍ ပါမောက္ခချုပ်က ဆေးပညာဘွဲ့နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရရှိသူတို့အား ဘွဲ့လက်မှတ်များ ချီးမြှင့်ပြီးဘွဲ့များနှင့်လျော်ညီသော အဆောင်အယောင်အမှတ် လက္ခဏာဖြစ်သည့် ဝတ်ရုံများကို ဝတ်ဆင်ခွင့်ပြုကာ ဘွဲ့နှင်းသဘင်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ယင်းနောက် ခေတ္တကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားပြီးနောက် အခမ်းအနားကို ရုပ်သိမ်းကာခေတ္တကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည်ထွက်ခွာကြသည်။

အဆိုပါ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းများရရှိသည့် ပညာရည်ထူးချွန်ဆုအဆင့်များ ဂုဏ်ထူးများသည် တပ်မတော်ဆေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများနှင့်သာ စစ်ဆေးခြင်းမဟုတ်ဘဲ ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဆေးတက္ကသိုလ် (မန္တလေး)၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ ဆေးတက္ကသိုလ် (မကွေး)၊ ဆေးတက္ကသိုလ် (တောင်ကြီး) စသည့် တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် စာစစ်ပုဂ္ဂိုလ်များ၏ စစ်ဆေးချက်များနှင့်အညီ ချီးမြှင့်ခြင်းဖြစ်ကြောင်း၊ တပ်မတော်ဆေးတက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းများကိုလည်း အခြားသောတက္ကသိုလ်များနှင့် ညှိနှိုင်းရေးဆွဲထားရှိပြီး ဆေးပညာသင်ကြားရေးဆိုင်ရာ သင်ရိုးညွှန်းတမ်းအရ စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ အထူးအောင်သတ်မှတ်ခြင်းနှင့် ဂုဏ်ထူးပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်