မွန်ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးကိုအခြေခံသော စီးပွားရေးထုတ်ကုန်တစ်ခုဖြစ်သည့် ရော်ဘာကို အခြေခံ၍ စက်မှုကုန်ချောထုတ်ကုန်များ ထုတ်လုပ်ပြီး ဒေသစီးပွား၊ နိုင်ငံစီးပွားမြှင့်တင်နိုင်ရေး အထောက်အကူပြုနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ရော်ဘာပင်ကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိရာ မွန်ပြည်နယ်တွင် ရော်ဘာစိုက်ဧက ၅၀၆၄၄၄ ဧက စိုက်ပျိုးပြီး အစေးလှီး ဧက ၃၅၂၀၆၀ ဧကတွင် ရော်ဘာစေးတန်ချိန်ငါးသောင်းခွဲခန့် ထွက်ရှိသည်။ ရော်ဘာလုပ်ငန်းသည် အဓိကအားဖြင့် အစေးရည်၊ နေလှန်းပြား၊ မှိုင်းခံ၊ ခရမ်းရော်ဘာ၊ ရော်ဘာသစ်ခွဲသား၊ ရော်ဘာသစ်ပါးလွှာထုတ်ကုန်များ ထုတ်လုပ်ကြကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မွန်ပြည်နယ်တွင် အသေးစား၊ အငယ်စား၊ အလတ်စား (MSME) ရော်ဘာလုပ်ငန်း လုပ်ကိုင်ကြသူများ အနက် သံဖြူဇရပ်မြို့နယ်မှ ဦးအောင်ရွှေ၏ “ရတနာရွှေဖြူ” လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ရတနာရွှေဖြူရော်ဘာလုပ်ငန်းကို ၂၀၁၇ ခုနှစ်တွင် ပြည်နယ်အစိုးရ၏ ရန်ပုံငွေဖြင့် စက်ရုံ ၁၄ ရုံ တည်ဆောက်ခဲ့ရာ ရတနာရွှေဖြူစက်ရုံတစ်ရုံသည်လည်း ပါဝင်သည်။ ဒေသထွက် ရော်ဘာကုန်ကြမ်းကို ဝယ်ယူအသုံးပြုနေကြောင်း ဦးအောင်ရွှေက ပြောကြားသည်။
ဖြန့်ချိမှုအနေဖြင့် မန္တလေး၊ ရန်ကုန်သို့ ဖြန့်ချိခြင်း၊ စက်ရုံအထိုင်ထားပြီး ရောင်းချခြင်း၊ ကုန်သည်များ မှာယူသည့် ရော်ဘာပေါင်ချိန်အတိုင်း ၇၇ ပေါင်၊ ပေါင် ၁၁၀ စသည့်ဖြင့် ထုပ်ပိုးရောင်းချခြင်းများ ဆောက်ရွက်လျက်ရှိသည်။ ရော်ဘာကို ပြည်တွင်း၌သာ ဖြန့်ချိမှုရှိပြီး ပြည်ပသို့တိုက်ရိုက် တင်ပို့နိုင်ရန်အတွက် မြို့နယ်အဆင့်မှ ပြည်နယ်အဆင့်အထိ စက်ရုံအစုအဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ဈေးကွက်ရှာဖွေနေကြောင်း လုပ်ငန်းရှင်က ပြောသည်။
တွေ့ကြုံရသည့် အခက်အခဲအနေဖြင့် ရော်ဘာအစေး ထုတ်လုပ်သည့်ကာလသည် စက်တင်ဘာလမှ ဇွန်လအစပိုင်းအထိဖြစ်၍ အဆိုပါကာလတွင် ရာသီဥတုညီညွတ်မှုမရှိပါက အပျက်အစီးများ ရှိခြင်းတို့ကြောင့် အမိုးနီးယားကို အချိုးကျရောစပ်ပြီး စက်ရုံပေးပို့ရန် ကုစားဆောင်ရွက်ရခြင်းများ ရှိကြောင်း၊ ရော်ဘာအရည်အသွေးမြင့်မားရေးအတွက် အသုံးပြုသည့်ပစ္စည်းများ၊ အဆင့်ဆင့် ဆောင်ရွက်မှုများ စနစ်တကျဖြစ်ရန်လိုအပ်သဖြင့် အဆင့်မီရော်ဘာရရှိရေး ကြိုးပမ်းနေရဆဲဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံ၏ပြည်ပပို့ကုန်များတွင် ရော်ဘာသည် အရေးပါသည့်ကဏ္ဍ၌ ပါဝင်နေပြီး ထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းကျော်သည် ပြည်ပသို့ တင်ပို့ရောင်းချ၍ ရှစ်ရာခိုင်နှုန်းလောက်သာ ပြည်တွင်း၌ အသုံးပြုလျက်ရှိသဖြင့် ရော်ဘာကုန်ကြမ်းအသုံးပြုပြီး ကုန်ချောမထုတ်လုပ်နိုင်ပါက အကျိုးမရှိဘဲ ပြည်ပမှ ဝင်ရောက်လာသည့် ရော်ဘာအခြေခံထုတ်လုပ်သည့် ကုန်ချောများကိုသာ အားကိုးနေရမည်ဖြစ်၍ ရော်ဘာစိုက်ပျိုးမှုကဏ္ဍနှင့် ရော်ဘာအခြေခံ MSME လုပ်ငန်းကဏ္ဍတွင် နည်းပညာများ ရရှိရေး၊ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေးတို့အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ဈေးကွက် ဖော်ဆောင်ပေးရန်နှင့် ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရန် ကူညီဆောင်ရွက်ပေးနိုင်ပါက ရော်ဘာလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေနိုင်မည်ဖြစ်ကာ တောင်သူဘဝကို ဆွဲတင်ပေးရာလည်းရောက်ကြောင်း ၎င်းက အကြံပြုသည်။
ရတနာရွှေဖြူလုပ်ငန်းတွင် နေ့စဉ်အလုပ်သမား ၂၀ ဖြင့် ဆောင်ရွက်လျက်ရှိပြီး လုပ်ခလစာ ရှင်းပေးရာတွင် ရော်ဘာပေါင်ကျစနစ်ဖြင့် တစ်ဦးလျှင် ငွေကျပ် ၁၅၀၀၀ မှ ၁၈၀၀၀ စသည်ဖြင့် ရရှိကာ တစ်လအနည်းဆုံးဝင်ငွေကျပ် ၄၅၀၀၀၀ ရရှိသဖြင့် အလုပ်သမားများ ရော်ဘာရာသီချိန် အဆင်ပြေလျက်ရှိပြီး ရာသီသိမ်းချိန်တွင် မိသားစုတစ်စုအတွက် ဆန်တစ်အိတ်နှုန်း ထောက်ပံ့ ပေးကြောင်း ၎င်းက ပြောသည်။
မွန်ပြည်နယ်တွင် ရော်ဘာခြံငယ်လေးများမှ ထွက်ရှိသည့် ရော်ဘာကုန်ကြမ်းများသည် အရည်အသွေးလျော့သဖြင့် အရည်အသွေးစံချိန်မီ ရော်ဘာကုန်ကြမ်းများ ရရှိအောင် နည်းပညာပံ့ပိုးကူညီမှုများ လိုအပ်လျက်ရှိသည့်အပြင် ဒေသမှထွက်ရှိသော ရော်ဘာကုန်ကြမ်းများကို အခြေခံ၍ လူသုံးကုန်ပစ္စည်း ကုန်ချောထုတ်လုပ်နိုင်ပါက စီးပွားရေးပိုမိုမြင့်မားလာမည်ဖြစ်သည်။
သို့ဖြစ်ရာ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍနှင့် ရော်ဘာအခြေခံ (MSME) လုပ်ငန်းကဏ္ဍတွင် တွေ့ကြုံရသည့် အခက်အခဲများလျှော့ချရေး၊ နည်းပညာများရရှိရေး၊ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေးတို့ကို ဆောင်ရွက်နိုင်ပါက အသေးစား၊ အငယ်စား၊ အလတ်စား (MSME) လုပ်ငန်းများသည် အရှိန်အဟုန်ဖြင့် တိုးတက်လာပြီး နိုင်ငံ့စီးပွားကို အထောက်အကူပြုမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။
နှင်းဆီနွယ်
ဓာတ်ပုံ- စည်သူစိုး