Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဒီဇင်ဘာ ၁၅

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင်  နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသည်။

ဦးစွာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ပြည်ပ၌ဖွင့်လှစ်ပို့ချသည့် သင်တန်းများတွင်သာမက ပြည်တွင်းသင်တန်းများတွင်လည်း ထူးချွန်စွာပြီးမြောက်အောင် ကြိုးစားကြရန်၊ ကုန်သွယ်မှုမူဝါဒများကို သိရှိနားလည်ပြီး အလေးထားလိုက်နာဆောင်ရွက်ကြရန်၊ အရည်အချင်း(Skill) ပြည့်ဝအောင်ဆောင်ရွက်ရန်၊ ယုံကြည်မှု(Trust)ရရှိအောင် တည်ဆောက်ရန်၊ ပူးပေါင်းပါဝင်မှု (Cooperation)အပြည့်အဝဖြင့် ပါဝင်ဆောင်ရွက်ရန်၊ Digital Trade နှင့် E-commerce ပညာရပ်များကို မျက်ခြေမပြတ် လေ့လာမှတ်သားဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။

ဆွေးနွေးပွဲတွင် စင်ကာပူသမ္မတနိုင်ငံ၌ နိုဝင်ဘာ ၆ ရက်မှ ၁၀ ရက်အထိဖွင့်လှစ်ခဲ့သည့် ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာသင်တန်းသို့ တက်ရောက်ခဲ့သည့် ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဆုလှိုင်က "ဒီဂျစ်တယ်ကုန်သွယ်ရေးမှသည် ဒီဂျစ်တယ်စီးပွားရေးဆီသို့” ခေါင်းစဉ်ဖြင့်ဆွေးနွေးပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူး ဦးညီညီအောင်မှ ထပ်မံ ဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)နှင့် (အောက်မြန်မာပြည်)တို့၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများဖြစ်သော အရာထမ်းအခြေခံသင်တန်းအမှတ်စဉ်(၂၁၇)တွင် သင်တန်းသူစံပြဆု၊ စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၀၆)တွင် သင်တန်းသား ဒုတိယဆု၊ စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၁၀၆)တွင် သင်တန်းသားဒုတိယဆု၊ အရာထမ်းငယ်သင်တန်းအမှတ်စဉ်(၉၆)တွင် သင်တန်းသား သေနတ်ပစ်ထူးချွန်ဆုနှင့် အရာထမ်းအခြေခံသင်တန်းအမှတ်စဉ်(၂၁၇)တွင် အဆင့်(၄)ရရှိခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အရာထမ်း၊ အမှုထမ်းများက အွန်လိုင်းဖြင့် တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)