နေပြည်တော် ဒီဇင်ဘာ ၁၅
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ(နေပြည်တော်) ပုဗ္ဗသီရိမြို့နယ် အောင်သာယာရပ်ကွက်ရှိ မိုးသီရိအထည်ချုပ်နှင့် ဖြန့်ချိရေးလုပ်ငန်းသို့ သွားရောက်၍ အဆိုပါလုပ်ငန်း ကုမုဒြာဆောင်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပုဗ္ဗသီရိမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အထည်ချုပ်လုပ်ငန်းဝင်းအတွင်းရှိ မိသားစုဝင်များနှင့် အနီးပတ်ဝန်းကျင်ရပ်ကွက်အတွင်း နေထိုင်ကြသည့် ပြည်သူများအနက် နိုင်ငံသားကတ်ပြားမရရှိသေးသည့် ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေး၍ e-ID စနစ်အတွက် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric)များ ကောက်ယူခြင်းလုပ်ငန်းကို တစ်ပါတည်းဆောင်ရွက်ပေးနေမှုကိုလည်းကောင်း၊ နိုင်ငံသားကတ်ရှိပြီးသူ စက်ရုံလုပ်သားများနှင့် ပြည်သူများအား ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) များ ကောက်ယူကာ e-ID စနစ်အတွက် ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ် ထုတ်ပေးဆောင်ရွက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက မြို့နယ်အတွင်း မည်သည့်နေရာဒေသတွင် နေထိုင်စေကာမူ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေးနှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်း ရှိ/ မရှိ မေးမြန်းစိစစ်ကာ မရှိသေးသူများအတွက် မြို့နယ်အဆင့်ဖွဲ့စည်းထားသည့် (၅)ဦးကော်မတီဖြင့် စိစစ်ဆောင်ရွက်ပေးနိုင်ရေး မှာကြားကာ လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒေသခံပြည်သူများအား လုပ်ငန်းဆောင်ရွက်ပေးမှုအခြေအနေများအပေါ် တွေ့ကြုံရသည့်အခက်အခဲများကို မေးမြန်းဆွေးနွေးပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားသင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းကျောင်းခန်းမ၌ အကြမ်းဖက်ဖြစ်စဉ်များမဖြစ်ပွားမီ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ဒေသအသီးသီးသို့ သွားရောက်တာဝန်ထမ်းဆောင်ရန် ပြောင်းရွှေ့မိန့်ထုတ်ပြန်ထားသည့် ဝန်ထမ်းများနှင့် အကြမ်းဖက်ဖြစ်စဉ်များဖြစ်ပွားနေသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသအသီးသီးရှိ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများမှ နေပြည်တော်သို့ ယာယီစစ်ဘေးရှောင်ရောက်ရှိလာသည့် ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအား ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းသို့ ယာယီစစ်ဘေးရှောင်ရောက်ရှိနေသည့် ဝန်ထမ်းများအခြေအနေနှင့် ၎င်းတို့အား နေထိုင်စားသောက်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တည်ငြိမ်အေးချမ်းမှုရှိသည်နှင့်အညီ သက်ဆိုင်ရာရုံးများသို့ ပြန်လည်စေလွှတ်တာဝန်ထမ်းဆောင်နိုင်ရေး အခြေအနေတို့နှင့်စပ်လျဉ်း၍ မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များကို လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် ဆန်အိတ်များနှင့် စားသုံးဆီတို့ကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါဝန်ထမ်းများ နေရာချထားသည့် အိပ်ဆောင်များအခြေအနေ၊ ရေ/ မီး ရရှိမှုနှင့် စားရိပ်သာအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများကို လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)