ခေတ်အဆက်ဆက် စာပေပညာရှင်တို့သည် နိုင်ငံအတွင်းရှိတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အတွက်သော်လည်းကောင်း၊ အနာဂတ်မျိုးဆက်သစ်လူငယ်တို့ အတွက်လည်းကောင်း ယဉ်ကျေးသော၊ နိုင်ငံတော်နှင့် အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သော တွေးခေါ်နိုင်စွမ်း၊ စွမ်းဆောင်နိုင်စွမ်း မြင့်မားသောနိုင်ငံ့သားကောင်း ရတနာများ ဖြစ်ပေါ်လာစေရန်စေတနာဖြင့် မိမိတို့၏အတွေ့အကြုံများမှတစ်ဆင့် မြားမြောင်လှသော သုတရသစာပေကဗျာများ ရေးဖွဲ့ခဲ့ကြသည်။ ထိုသို့သောစာပေပညာရှင် များ၏ စာပေအမျိုးအစားများထဲမှ ထူးကဲပြောင်မြောက်သော ရေးသားမှုများအတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆု စသည်ဖြင့် နိုင်ငံတော်က ချီးမြှင့်ဂုဏ်ပြုလျက်ရှိရာ ၂၀၂၂ ခုနှစ်အတွက် ပေးအပ်ချီးမြှင့်သော အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆုရစာပေပညာရှင်များနှင့် တွေ့ဆုံမေးမြန်း၍ စာပေပညာရှင်တို့၏ စေတနာစကားသံများကို တင်ပြလိုက်ရပါသည်-
ဒေါက်တာထွန်းတင့်
အမျိုးသားစာပေတစ်သက်တာဆုရှင်
ကျွန်တော့်အသက်က ၈၉ နှစ် ရှိပါပြီ။ နောက်သုံးလဆိုရင် ၉၀ ပြည့်တော့မှာပါ။ စအမှုထမ်းတာ ကတော့ ရန်ကုန်တက္ကသိုလ်မှာ ၁၉၅၈ ခုနှစ်ကတည်းက အလုပ် ဝင်ခဲ့တာဖြစ်ပြီး ဒီကနေ့အထိ တစ်ရက်မှ မနားရသေးပါဘူး။ အခုထိ စာပေလုပ်ငန်းတွေကို လုပ်နေဆဲဖြစ်ပါတယ်။ ရေးခဲ့တဲ့ စာပေတွေကတော့ အများအားဖြင့် မြန်မာစာအဖွဲ့မှာ လုပ်တာဖြစ်လို့ မြန်မာစာလုံးပေါင်းသတ်ပုံ၊ သဒ္ဒါနဲ့ အဘိဓာန်တွေကို ထဲထဲဝင်ဝင်လုပ်ခဲ့ရတယ်။ ဒီကနေ့အထိလည်း လုပ်နေရတုန်းပဲဖြစ်ပါ တယ်။ သတ်ပုံသတ်ညွှန်းဆိုရင် ၁၉၈၆ ခုနှစ်က မြန်မာတစ်ပြည်လုံးအသုံးပြုနိုင်ဖို့အတွက် ပြဋ္ဌာန်းထားတဲ့သတ်ပုံဖြစ်တာကြောင့် ၃၇ နှစ်တောင်ရှိနေပါပြီ။ စာရေးသူတွေ အကုန်လုံးကလည်း သတ်ပုံကိုပဲအားကိုးနေရတယ်။ ဒါပေမယ့် စည်းကမ်းဖောက်တဲ့ လူတွေကတော့ အများကြီးပါပဲ။ ခွဲထား ရကန်ဆိုတာကတော့ စာချိုးလေးနဲ့ ကျွန်တော်ကိုယ် တိုင်ရေးခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံ ပြောရမယ်ဆိုရင် ၁၀၁ ပုဒ်ရှိပါတယ်။ ဆောင်းပါးတွေရေးပြီး စည်းနဲ့ကမ်းနဲ့မြန်မာစာဆိုပြီးလည်း စာအုပ်ထုတ်ခဲ့ပါသေးတယ်။ နောက်ဆုံးကတော့ ကကြီး ခခွေးမဖတ်သေး လူပျင်းညံ့တော့သည်ဆိုတဲ့ စာအုပ်လေး ထုတ်ထားပါတယ်။ မြန်မာစာ အဖွဲ့ကပဲ ထုတ်ထားတာ ဖြစ် ပါတယ်။ တတ်နိုင်သမျှ မြန်မာ စာပေအကြောင်း သိကြအောင်ဆို တဲ့စိတ်လေးနဲ့ အထောက်အကူ ပြုအောင်ထုတ်ထားပါတယ်။ မြန်မာစာပေနဲ့ ပတ်သက်ပြီး လူငယ်တွေအနေနဲ့ မြန်မာစာပေကို ချစ်မြတ်နိုးပါ။ မြန်မာဆိုတာ ကိုယ့်စာကို မြတ်နိုးမှဖြစ်မှာပါ။ စည်းကမ်းတကျ ဖြစ်အောင်လုပ်ပါ။ မြန်မာစာရဲ့ အခြေအမြစ်က စာလုံးပေါင်းသတ်ပုံမှန်မှန် ကန်ကန်ဖြစ်ဖို့နဲ့ မြန်မာတွေ ဖြစ်တဲ့အတွက်ကြောင့် မြန်မာစာကို အခြေခံကစပြီးလေ့လာ စေချင်ပါတယ်။ မြန်မာစာမှာ ဗျည်းဘယ်နှလုံးရှိသလဲ၊ သရဘယ်နှလုံးရှိလဲ မေးရင်တောင် မသိတဲ့လူတွေရှိကြတယ်။ အဲဒီလိုအခြေခံ တွေကအစ လေ့လာပြီးမှ နိုင်ငံတော်က ပြဋ္ဌာန်းတဲ့အတိုင်း၊ သတ်မှတ်တဲ့အတိုင်း လိုက်နာမယ်ဆိုတဲ့စိတ်ကိုတော့ မွေးမြူဖို့လိုပါတယ်။ ပြဋ္ဌာန်းတာက ပြဋ္ဌာန်းတာပဲ။ ငါတို့လိုက်နာချင်မှ လိုက်နာမယ်ဆိုတဲ့စိတ်တော့ မထားစေချင်ပါဘူး။ အထူးသဖြင့် ပြောချင်တာက စာစပ်တဲ့လူတွေက စာလုံးပေါင်းသတ်ပုံကို လိုက်နာပါတယ်။ တတ်တဲ့လူ တွေက ဘာမှပြောစရာမလိုပေမယ့် မတတ်သလို တတ်သလိုလူတွေက လိုက်ဖျက်ဆီးနေသလို ဖြစ်နေတယ်လို့ပြောချင်ပါတယ်။ အခုလို စာပေဆုတွေ ချီးမြှင့် ပေးတာကိုလည်း တာဝန်ရှိသူ တွေကို ကျေးဇူးတင်ပါတယ်။
သက်နိုင်ဦး(ကျည်ကာ)
နိုင်ငံရေးစာပေဆုရှင်
တိုင်းပြည် ငြိမ်းချမ်းစေချင်တဲ့ စေတနာနဲ့ တိုင်းပြည်မှာဖြစ်နေ တဲ့ အခြေအနေတွေအပေါ်မှာ မူတည်ပြီး မျှမျှတတနဲ့ ဘယ်သူ့ ဘက်မှ လိုက်ခြင်းမရှိဘဲ တိုင်းပြည်အတွက် အကောင်းဆုံး ဖြစ်အောင် ရေးသားထားတာ ဖြစ်ပါတယ်။ သူကလည်း သူမှန်တယ်၊ ကိုယ်ကလည်း ကိုယ်မှန် တယ်ဆိုတာတွေတော့ရှိတာပေါ့။ နိုင်ငံရေးက မှိုင်းတွေတိုက်တော့ လူငယ်တွေဆိုတာက အပြော ကောင်းတဲ့ဘက်ကို ပါတာပေါ့။ အဲဒီလိုအရောင်တွေ ပါသွားတော့ ပြဿနာတွေက ပိုရှုပ်လာတာ ဖြစ်ပါတယ်။ အခု ကျွန်တော် ရေးထားတဲ့စာအုပ်ကို ဖတ်လိုက် ရင် ရှင်းသွားမယ်လို့ ထင်ပါတယ်။ အဓိကကတော့ တိုင်းပြည်က အားလုံးညီညီညွတ်ညွတ်နဲ့ ဝိဝါဒ ကွဲတာတွေကို ပေါင်းစပ်ဆောင် ရွက်ဖို့ လိုပါလိမ့်မယ်။ အပြုသဘောဆောင်တဲ့ အမြင်နဲ့ လုပ်ဆောင်ချက်တွေလည်း လုပ်စေချင်ပါတယ်။ တိုင်းပြည်ကို ငြိမ်းချမ်းစေချင်တယ်။ ကျွန်တော် တို့တိုင်းပြည်က ငြိမ်းချမ်းမှ တိုးတက်မယ်။ မငြိမ်းချမ်းရင် ဘာမှလုပ်လို့မရဘူး။ မငြိမ်းချမ်းရင် တိုးတက်ပြီးတာတွေတောင်မှ ပျက်စီးသွားမှာဖြစ်တယ်။ တိုင်းပြည်တစ်ခုမှ အဓိကလိုအပ်ချက်က ငြိမ်းချမ်းရေးပဲဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်က သဘာဝကပေးထားတဲ့ သယံဇာတတွေလည်း အများကြီးရှိတယ်။ ကျွန်တော်တို့နိုင်ငံ မတိုးတက်ဘူး ဆိုတာကလည်း တိုင်းပြည်အတွက် အလုပ်လုပ်ပြီး တိုင်းပြည်အတွက်ကြိုးစားရမယ့် အချိန်မှာ စစ်ပွဲတွေရှိနေလို့ပါပဲ။ အဲဒီလိုတွေ ဖြစ်နေလို့လည်းဒီကနေ့အထိ တိုင်းပြည်က မတိုးတက်တာ ဖြစ်လို့ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ဖြစ်စေချင်ပါတယ်။
မြေလတ်မောင်မြင့်သူ
ရသစာတမ်း(အက်ဆေး) စာပေဆုရှင်
ရသစာပေကတော့ ရှားနေတဲ့ကာလလို့ ပြောရင်ရပါတယ်။ ဒီစာပေအမျိုးအစားက ဝတ္ထု မဟုတ်ဘူး။ ဒါပေမယ့် ဝတ္ထုအရသာပါတယ်။ ကဗျာမဟုတ်ဘူးဆိုပေမယ့် ကဗျာနဲ့တူတဲ့ ခံစားမှုရသတွေပါတယ်။ သုတဖြစ်စေတဲ့ ဖတ်စရာ မှတ်စရာတွေလည်းပါတယ်။ ဒါပေမယ့် အဲဒီစာစုဟာ ဝတ္ထုလည်းမဟုတ်၊ ကဗျာလည်း မဟုတ်၊ ဆောင်းပါးလည်းမဟုတ် ဘူး။ ဒါကြောင့် ရသစာတမ်းလို့ အဓိပ္ပာယ်ဖွင့်ချင်ပါတယ်။ ဆရာကြီးတွေကတော့ ဖွင့်တာပေါ့။ ရသပါသောအတွေးကို ခံစားမှု နှလုံးသားနဲ့ ပေါင်းစပ်ပြီး ဉာဏ်ပညာနဲ့ ပေါင်းစပ်ရေးချယ် တဲ့ မတိုမရှည်စာလို့လည်း ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုရင် အခုချိန်က စာဖတ်အား ကျနေတယ်။ လုံးချင်းခေတ်လည်း မရှိတော့ဘူး။ လုံးချင်းထုတ်ဖို့ လည်း မလွယ်သလို စိတ်ရှည် လက်ရှည်နဲ့ ဖတ်ဖို့မလွယ်တဲ့ ကာလဖြစ်တာကြောင့် ဖတ်စရာ မှတ်စရာပါတဲ့ရင်ဖွင့်သံလေးလို့ ဆိုရမှာဖြစ်ပါတယ်။ ခေတ်က စာအုပ်ဖတ်တဲ့ ယဉ်ကျေးမှုမရှိ သလို ဖြစ်နေတယ်။ ဖေ့စ်ဘွတ်က ဖတ်ရတဲ့ ရသနဲ့စာမျက်နှာပေါ်က ဖတ်ရတဲ့ရသဟာ စာဖတ်သက်ရလာရင်တော့ လူတိုင်းသဘော ပေါက်ကျမှာပါ။ အခုဟာက ခေတ် နောက်ကျနေသလို ပညာရည် မပြည့်ဝတော့ဘူး။ နွားကျောင်း သား၊ ဆိတ်ကျောင်းသားတောင် အဆင့်မြင့်တဲ့ တယ်လီဖုန်းကိုင်ပြီး ကောင်းကျိုးမျှော်တဲ့အရသာနဲ့ မကောင်းကျိုးတွေ ပါတဲ့အရသာကို ဘယ်အရာကို ဖွင့်ကြည့်မလဲဆိုရင် မကောင်းတဲ့အရာကိုပဲ တတ်လွယ်ပြီး အတုခိုးမှာပါ။ တချို့ဖေ့စ်ဘွတ်မှာ ကျွန်တော်တို့ ရသစာတမ်းလောက်တောင် ရှိတယ်။ အဲဒီလို အကျိုးမဲ့တွေရေး မယ့်အစား တစ်လုံးပဲရရပေါ့။ အခုချက်ချင်း ကြိမ်လုံးနဲ့ရိုက်ပြီး အားလုံးရစေ သတည်းတော့မရ နိုင်ဘူး။ ကျွန်တော်တို့ စာပေ သမားတွေအနေနဲ့ ရနိုင်သမျှ ရအောင် ဘဝဆိုတာဘာလဲ၊ ဒုက္ခ ဆိုတာဘာလဲ၊ ရသဆိုတာဘာလဲ ဆိုတာတွေကို တစ်စုံတစ်ရာ တွေးခေါ်လို့ရအောင် ယဉ်ကျေး လိမ္မာတဲ့ဘက်ကို ပါလာအောင် နည်းနည်းချင်း သိမ်းသွင်းတဲ့ သဘောမျိုး လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ ပြောရရင် နှလုံးသား ကို ပဲ့ပြင်တယ်လို့ ပြောလိုပါတယ်။ ကျွန်တော်တို့ဆီမှာက ဝတ္ထုရေးတဲ့လူ ပေါတယ်၊ ဆောင်းပါးရေးသူလည်းပေါတယ်၊ ကဗျာရေးတဲ့လူလည်းပေါတယ်။ ဒါပေမယ့် ရသစာတမ်းရေးတဲ့လူကတော့ ရှားတယ်။ စာဖတ်သူရဲ့ နှလုံးသားကို ယဉ်ကျေးသိမ်မွေ့ အောင်၊ ဘဝကိုချစ်မြတ်နိုး တတ်အောင်၊ ပတ်ဝန်းကျင်ကို စူးစိုက်တတ်အောင် ကရုဏာ မုဒိတာပါမှ လှတဲ့စူးစိုက်မှုဖြစ်မှာပါ။ စာရေးဆရာကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ် တော်တော်လေး ထိန်းကျောင်းပြီး ရေးရပါတယ်။ တစ်ခါပဲဖတ်ဖတ်၊ နှစ်ခါပဲဖတ်ဖတ် အသိပညာဗဟုသုတတွေ ရသွား လိမ့်မယ်လို့ထင်ပါတယ်။ အရင်က လူအများဆုံးဖတ်တာက ဝတ္ထုပါ၊ လူဆိုတာက လူအကြောင်း ပိုစိတ်ဝင်စားတာကို၊ ဝတ္ထုဆိုတာက လူအကြောင်းကို စိတ်ကူး ဉာဏ်လေးနဲ့ ဖတ်ချင်စဖွယ် ဖြစ်အောင် လုပ်ထားတာဖြစ်တယ်။ နောက်ပိုင်း ကဗျာတွေ ဖတ်လာတယ်။ အခုတော့ စာတမ်းတွေဖတ်လာတယ်။ စာတမ်းတွေကို စိတ်ဝင်စားလာတာဟာလည်း အနုပညာကို စိတ်ဝင်စားတာ ဖြစ်တဲ့အတွက်တော့ အကောင်းဘက်ကို ရွေ့လာတယ်လို့ ကျွန်တော်ထင်ပါတယ်။ အများ အားဖြင့် အက်ဆေးဖတ်လိုက်ရ တာက ဒေါသဖြစ်စရာမပါဘူး။ ကြည်နူးစရာအချက်လေးနဲ့ အေးချမ်းတဲ့ရသကို ပေးစွမ်းတာဖြစ်ပါတယ်။ ခံစားမှုပါရင်တောင်မှ တစ်ယောက်နဲ့တစ်ယောက် ပခုံးဖက်ပြီး နွေးထွေးတဲ့ သဘောနဲ့ ပြောတာတွေက မေတ္တာတရားတွေ၊ အကြင်နာတရားတွေပါတယ်။ အဲဒါကတော့အက်ဆေး ရေးရတဲ့အရသာနဲ့ဖတ်ရတဲ့ အရသာလို့ ကျွန်တော်က တော့မြင်ပါတယ်။ တခြားသော စာပေဆုတွေကတော့ ဘာသာရပ်အလိုက် ပေါ်နေတာကြာပြီပေါ့။ ကျွန်တော်ကိုယ်တိုင် ကလေး ကဗျာတွေ၊ ကလေးစာပေတွေနဲ့ လူကြီးစာပေတွေနဲ့ ဆုရရှိခဲ့ဖူးပါတယ်။ သို့သော် အခုလို ဆုဆိုတာက ပေးတာလည်းမကြာသေးဘူး။ ကျွန်တော်တို့နိုင်ငံမှာ အခုမှအက်ဆေးကို စိတ်ဝင်စားရကောင်းမှန်း သိလာတဲ့ခေတ်ကြီးမှာ ကျွန်တော် နှစ်သက်မြတ်နိုးတဲ့ ရသစာတမ်းနဲ့ ဆုရတဲ့အတွက် အများကြီးဝမ်းသာပါတယ်။ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။
မောင်စိမ်းနောင်(လယ်ဝေး)ကဗျာ(ဂန္ထဝင်)ဆုရှင်
မြန်မာဂန္ထဝင် ကဗျာဆုရရှိခဲ့ တာဖြစ်ပါတယ်။ အခုလောလော ဆယ်ကတော့ ကဗျာရွတ်ဆိုပွဲ တွေပြန်လုပ်သင့်ပါတယ်။ နောက်တစ်ခုကတော့ အလယ်တန်း၊ အထက်တန်း ကျောင်းသား အရွယ်နဲ့ တက္ကသိုလ်အဆင့်တွေ အနေနဲ့ ကဗျာနဲ့ ရင်းနှီးကျွမ်းဝင် လာမယ်ဆိုရင် နောက်နှစ် ၂၀ ဆိုရင် ပြင်ပလောကမှာ ကဗျာနဲ့ ပတ်သက်ပြီး လူတော်လူတတ် တွေဖြစ်လာမှာ ဖြစ်ပါတယ်။ အခု လူငယ်တွေကတော့ကဗျာထက် လွယ်ကူတဲ့ဝတ္ထုတို့ အက်ဆေးတို့ ဆောင်းပါးတို့တောင် သိပ်ရှည်ရင် မဖတ်ချင်ကြတော့ ဘူး။ မဖတ်ချင်တဲ့အခါကျတော့ ကျွန်တော်တို့ မြန်မာကဗျာတွေ ကလည်း ရှည်ရှည်လျားလျား တွေသိပ်မရှိပါဘူး။ မဂ္ဂဇင်းတွေ မှာဆိုရင် တစ်မျက်နှာစာတို့ နှစ်ပိုဒ်စာလောက်တို့နဲ့ တိုတိုထိထိလေး ရေးတာရှိပါတယ်။ ကဗျာဆိုတာကလည်း အကြောင်း အရာနဲ့ ထိထိမိမိဖွဲ့နွဲ့ကြတာ များပါတယ်။ မြန်မာကဗျာကတော့ အားနည်းသွားတယ် ဆိုပေမယ့် လူတိုင်းပါးစပ်ဖျားမှာ ကာရန်တွေနဲ့ ပြောကြတာတွေက အခုထိရှိနေဆဲပါပဲ။ မြန်မာကဗျာဟာ မွေးကင်းစကနေ သေဆုံးတဲ့အထိကဗျာနဲ့ မလွတ်ပါဘူး။ အခုဒီနေ့ရတဲ့ဆုကတော့ မြန်မာကဗျာဖွဲ့နည်း တော်တော်လေးစုံစုံလင်လင်ပါပါတယ်။ ကျွန်တော်နဲ့အတူတူထွက်ရှိခဲ့တဲ့ ကဗျာစာအုပ်တွေ အကောင်းတွေ အများကြီးရှိပါတယ်။ ရမယ်လို့ မထင်ထားခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော့်ကို ထိုက်ထိုက် တန်တန်နဲ့ ရွေးချယ်လိုက်တဲ့ အတွက်ဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။
ဝတ်ရည်ခင်(ပဲခူး)ကလေးစာပေဆုရှင်
ကလေးစာပေနဲ့ လူငယ်စာပေက ကွဲပြားပါတယ်။ လူငယ်တွေကျတော့ မူးယစ်ဆေးဝါးတွေ၊ အပေါင်းအသင်း မှားတာတွေ၊ မျိုးချစ်စိတ်ဓာတ်ရှိအောင် ပညာတစ်ခုကို ပြီးဆုံးအောင်သင်ယူမှု ရှိအောင်၊ မိဘရဲ့ဂုဏ်၊ လူမျိုးရဲ့ ဂုဏ်၊ တိုင်းပြည်ရဲ့ဂုဏ်ကို စောင့် ထိန်းရမယ်လို့ ဆုံးဖြတ်ချက်ချရ မယ့်အရွယ်တွေ အတွက်ကတော့ လူငယ်စာပေလို့ ဆိုချင်ပါတယ်။ ကျွန်မတို့ စာရေးသူတွေ အနေနဲ့ဒါမှားတယ်၊ ဒါမှန်တယ်ဆိုတာ တွေသိလာအောင်လမ်းပြပေး ရမှာဖြစ်ပါတယ်။ ကလေးတွေမှာ ရှိတဲ့ ကိုယ်ချင်းစာနာ တတ်တာတွေ၊ သူများကိုမနာလိုရင် ကိုယ့်အတွက် အကျိုးယုတ်တာတွေရှိတာကြောင့် ကလေးတွေအတွက်အများကြီး ရေးပေးရပါတယ်။ လူငယ်ကျတော့ လမ်းမှား မရောက်အောင် မီးမောင်းထိုးပြ ရတာဖြစ်တဲ့အတွက် ကလေးစာပေနဲ့ လူငယ်စာပေမှာရေးပုံ ရေးနည်းကအစ အတော်လေးကွာပါတယ်။ ပညာကိုထူးချွန်စွာနဲ့ ဆုံးခန်းတိုင် အောင်ဖြစ်ဖို့ လူငယ်စာပေတွေထဲမှာ အဲဒီအကြောင်းအရာတွေကိုရေးပေးရပါတယ်။ ကလေးစာပေကိုရေးရတဲ့ ရည်ရွယ်ချက်ကတော့ ကလေးတွေကို မျိုးချစ်စိတ်ဓာတ် ရှိစေချင်တယ်၊ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတတ်စေချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ရေးသားဖြစ်ခဲ့တာပါ။ ကလေး စာပေကို ရေးသားခြင်းအားဖြင့် ကလေးတွေ ပြောတာ၊ ဆိုတာ၊ ဆက်ဆံတာကအစ လိမ္မာယဉ် ကျေးလာမယ်။ သစ်ပင်၊ သစ်တောတွေကို ချစ်ခင်မြတ်နိုးလာမယ်။ သတ္တဝါတွေကို သတ်ဖြတ်တာ တွေမလုပ်ဘဲ စာနာတတ်လာ မယ်ဆိုတဲ့ အသိဗဟုသုတတွေ ရစေလိမ့်မယ်လို့ယူဆပါတယ်။ ကလေးတွေကို ဖုန်းတွေပေးကြည့် တာက ပထမဆုံး မျက်စိပျက်စီးမယ်၊ အသိအာရုံကြောတွေ ပျက်စီးမယ်။ ဖုန်းပေးထားရင် နေတယ်ဆိုပြီး မိဘတွေက ပေးထားတယ်။ ဒါကြောင့် ကလေးတွေနဲ့ ဖုန်းနဲ့ကလုံးဝမသင့်တော်ပါဘူး။ ကလေးတွေ စိတ်ချမ်းသာအောင်၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် အခြားနည်းလမ်းတွေနဲ့ လုပ်ပေးကြပါလို့ ကလေးစာပေမှာ ရေးသားပေးထားပါတယ်။
တွေ့ဆုံမေးမြန်းနှင့် ဓာတ်ပုံ အလင်းသစ်၊ နေမျိုး