နေပြည်တော် ဒီဇင်ဘာ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများလိုက်ပါ၍ ယနေ့နေ့လယ်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားသည်။
ထိုသို့ အားပေးစကားပြောကြားရာတွင် ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများကို တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာမေးမြန်းပြီး အားပေးစကားပြောကြားကာ အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက်ကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား ဂုဏ်ပြု ချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ဓာတ်ရောင်ခြည်ကုသစက်နှင့် CT စက် တပ်ဆင်သုံးစွဲထားမှုကြည့်ရှုစစ်ဆေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ဓာတ်ရောင်ခြည်နှင့် ကင်ဆာကုသဆောင်သို့ရောက်ရှိကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဓာတ်ရောင်ခြည်ကုသစက်နှင့် CT စက်ဖြင့် ရောဂါရှိသည့် နေရာများအား တိကျစွာပုံဖော်သည့်စက်တို့ တပ်ဆင်သုံးစွဲထားမှု အခြေအနေများ ကြည့်ရှုစစ်ဆေးရာ ဆေးဝန်ထမ်းတပ်ဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ကင်ဆာရောဂါကုသဆောင်၌ တက်ရောက်ကုသလျက်ရှိသည့် အရာရှိ၊ စစ်သည်များနှင့် တပ်မတော်သား မိသားစုဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ရင်းနှီးနွေးထွေးစွာ အားပေးစကားပြောကြား
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှသည် သားဖွားမီးယပ်နှင့် ကလေးကုသဆောင်၌ တက်ရောက်ကုသလျက်ရှိသည့် တပ်မတော်သားမိသားစုဝင်များကို တစ်ဦးချင်းရင်းနှီးနွေးထွေးစွာဖြင့် လိုက်လံအားပေးစကားပြောကြားပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်