Skip to main content

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် မြစ်ကြီးနားမြို့နယ် တီယန်ဇွပ်ကျေးရွာအတွင်း အခြေခံပညာကျောင်းလိုအပ်ချက်များနှင့် ဒေသခံပြည်သူများ၏ လိုလားချက်များအား သွားရောက်ဖြည့်ဆည်းဆောင်ရွက်ပေး

မြစ်ကြီးနား  သြဂုတ် ၂၉

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာ ဝန်ရှိသူများနှင့်အတူ မြစ်ကြီးနား မြို့နယ်အတွင်းရှိ တီယန်ဇွပ်ကျေးရွာအတွင်း အခြေခံပညာကျောင်း လိုအပ်ချက်များနှင့် ဒေသခံပြည်သူများ၏ လိုလားချက်များအား ယနေ့ နံနက်ပိုင်းတွင် သွားရောက်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်း ပြည်နယ်တရားလွှတ်တော်ရုံး အဆောက်အအုံသစ် တည်ဆောက် နိုင်ရေးအတွက် လျာထားမြေနေရာအား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ တရားသူကြီးများနှင့်အတူ စစ်ဆေးကြည့်ရှု ခဲ့ကြသည်။

ယင်းနောက် မြစ်ကြီးနားမြို့နယ်၊ အင်ဂျစ်ယန်ကျေးရွာ၌ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး ကျေးရွာ အခြေခံပညာ ကျောင်း စာသင်ဆောင်သစ်ဆောက်လုပ်ပေးရေးနှင့် ဝန်ထမ်းအိမ်ရာ လိုအပ်ချက်၊ ဆက်သွယ်ရေး ကောင်းမွန်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆိုလာလမ်းမီးတိုင် ထပ်မံတိုးချဲ့စိုက်ထူပေးရေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် တီယန်ဇွပ်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းအတွက် မြေထိန်းနံရံ ဆောက်လုပ်ပေးနိုင်ရေး ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး ကျောင်းတီယန်ခဆောင်ခန်းမ၌ ရပ်မိရပ်ဖများ၊ကျောင်း  ကော်မတီဝင်များ၊ ဆရာ၊ ဆရာမ များနှင့် တွေ့ဆုံပြီး အခြေခံ ပညာကျောင်း တိုးချဲ့စာသင်ဆောင်သစ်နှင့် ကျောင်းမြေထိန်းနံရံတည်ဆောက် ပေးရေးနှင့် ကျေးရွာအတွက် လျှပ်စစ်မီးရရှိရေး၊ ဆက်သွယ်ရေးလိုင်း ကောင်းမွန်စွာရရှိရေး၊ ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်များကို တင်ပြတောင်းဆိုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ ပြည်သူများ၏လိုအပ် ချက်များကို အလေးထားပြီး ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ တင်ပြလာမှု များအပေါ် မြေထိန်းနံရံကိစ္စကဲ့သို့ ချက်ခြင်းဆောင် ရွက်ပေးရမည့်ကိစ္စများကို ချက်ခြင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တခြား လိုအပ်ချက်များကိုလည်း ကျေးရွာဖွံ့ဖြိုးရေးအတွက် စီမံကိန်းရေးဆွဲ၍ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ ဒေသခံများ၏ တင်ပြတောင်းဆိုမှုများကို ဌာနဆိုင်ရာတာဝန် ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ပြည်နယ်ပြန်/ဆက်