စစ်တွေ ဩဂုတ် ၂၉
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် စစ်တွေဆေးရုံကြီး၌ ယာယီတာဝန်ထမ်းဆောင်နေသည့်ဆရာဝန်နှင့် သူနာပြုများအား သွားရောက်တွေ့ဆုံပြီး ကိုဗစ်-၁၉ ပိုးတွေ့လူနာများအတွက် သီးသန့်လူနာဆောင်များ ဆောင်ရွက်နေမှုများအားလှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ခုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများအတွက် သီးသန့် လူနာဆောင်တွင် ခုတင်များ ဖြည့်သွင်းတတ်ဆင်ဆောင်ရွက်နေမှုနှင့် သီးသန့်လူနာဆောင်အခန်းဖွဲ့စည်း ဆောင်ရွက်ထားရှိမှုတို့ကိုသွားရောက် ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်တို့က လိုက်လံရှင်းလင်းပြသကြသည်။ ထို့နောက် ဆေးရုံအုပ်ကြီးရုံးအစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်၏ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ “မိမိဆန္ဒအလျောက်” ယာယီတာဝန် ထမ်းဆောင်လျက်ရှိသည့် ဆရာဝန်၊ သူနာပြုများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်နယ်လူမှုရေး ဝန်ကြီးက ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များအား ဆရာဝန်၊သူနာပြုများနှင့် မိတ်ဆက်ပေးပြီး ပြည်နယ် ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်၏ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များတွင်တာဝန်အရမဟုတ်ဘဲ မိမိတို့၏ စေတနာမေတ္တာများဖြင့်လာရောက် ကူညီဆောင်ရွက်ပေးကြသည့်အတွက် အထူးပင် ကျေးဇူးတင်ပါကြောင်း၊ အထူးသဖြင့် မိမိတို့ရခိုင်ပြည်နယ် အတွက် မေတ္တာဖြင့် စေတနာထားကာ ကူညီပေးရန် လာရောက် ကြဟုလည်းမိမိအနေဖြင့် ခံယူပါကြောင်း၊ ယခုလိုကူညီပေး ခြင်းသည် တန်ဖိုးဖြတ်၍ မရနိုင်ပါကြောင်း၊ မိမိတို့အစိုးရ အဖွဲ့အနေဖြင့်တတ်နိုင်သလောက် ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နေထိုင် စားသောက်ရေးနှင့်ဆေးဝါးများ အတွက်လည်းကူညီ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း လိုအပ်ချက်များရှိလျှင်လည်း မိမိတို့အစိုးရအဖွဲ့ကို ပွင့်ပွင့်လင်းလင်းတင်ပြပေးစေလိုကြောင်း၊ တတ်နိုင်သမျှဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရမှလည်း ရခိုင်ပြည်နယ် အတွက် ကျန်းမာရေးနှင့်ပတ်သက်လျှင် မရှိဟုမဖြစ်ရအောင် ဆောင်ရွက် ပေးမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထား ပါကြောင်း၊ ယခုကဲ့သို့ အင်အားအပြည့် ဖြင့် လာရောက်ဆောင်ရွက်ပေးကြသည့်အတွက် မိမိတို့အတွက် စိတ်အား၊ ခွန်အားများဖြစ်ပါကြောင်း ကျေးဇူးလည်းများစွာ တင်ပါကြောင်းပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က “မိမိဆန္ဒအ လျောက်” ယာယီတာဝန် ထမ်းဆောင် မည့် ဆရာဝန်နှင့်သူနာပြုများအတွက် ထောက်ပံ့ငွေ ၄၅ သိန်းအားပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်(ဘုမေ)၌ ကိုဗစ်-၁၉ ပိုးတွေ့ လူနာများအတွက် သီးသန့်လူနာဆောင် များပြုလုပ်မည့်အဆောင်များနှင့် အသွားအလာကန့်သတ် စောင့်ကြည့်သူများထားရှိရာအဆောင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် အဆိုပါအသွား အလာကန့်သတ် စောင့်ကြည့်နေရာများတွင် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးနေကြသည့် နိုင်ငံအနှံ့မှ စေတနာ့ဝန်ထမ်းလူငယ်များနှင့်တွေ့ဆုံကာ လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ ကြောင်းသိရ သည်။
တင်ထွန်း(ပြန်/ဆက်)