နေပြည်တော် ဒီဇင်ဘာ ၄
ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းသည် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် ခုခံကျ/ ကာလသား ရောဂါတိုက်ဖျက်ရေး အဖွဲ့များ၊ ပြည်တွင်း/ ပြည်ပမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟို ဌာန- ၂ (MICC-2) ၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ၏ အကြိုလှုပ်ရှားမှုဖြစ်သော HIV Harm Reduction Workshop အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သည်။
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်က ဆောင်ရွက်ခဲ့ သော အိပ်ချ်အိုင်ဗွီပိုးကူးစက်ဖြစ်ပွားမှုနှင့် အန္တရာယ်ရှိသော အပြုအမူဆိုင်ရာ ဆန်းစစ်ခြင်းစစ်တမ်းအစီရင်ခံစာ (Integrated Biological and Behavioral Survey-IBBS and Population Size Estimate (PSE) among PWID in Myanmar, 2019) အရ အချင်းချင်း ဆေးထိုးအပ်မျှဝေ သုံးစွဲခြင်းကြောင့် မသန့်ရှင်းသော ဆေးထိုးအပ်/ဆေးထိုးပြွန်များမှ တစ်ဆင့် အိပ်ချ်အိုင်ဗွီနှင့် အသည်းရောင်အသားဝါဘီပိုး၊ စီပိုးများ ကူးစက်ပြန့်ပွားနိုင်ပါကြောင်း။
၎င်းတို့မှတစ်ဆင့် အိမ်ထောင်ဖက်များ၊ လက်တွဲဖော်များသို့ အိပ်ချ်အိုင်ဗွီကူးစက်မှုများ ရှိနိုင်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှု လျှော့ချရေးနှင့် နောက်ဆက်တွဲအန္တရာယ်လျော့ကျရေးလုပ်ငန်းသည် နှီးနွှယ်ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း။
ပြည်သူလူထု အတွင်း၌ ထိရောက်စွာ အသုံးချနိုင်မည့် တိကျခိုင်မာပြီး လူထုနားလည်လွယ်သော လုပ်ငန်းစဉ်များ၊ နည်းလမ်းအဖြေများကို အားလုံးတက်ကြွစွာ ဝိုင်းဝန်းဆွေးနွေး အကြံပြုကြရန် တိုက်တွန်းလိုကြောင်း၊ သို့မှသာ အိပ်ချ်အိုင်ဗွီကူးစက်မှု၊ အိပ်ချ်အိုင်ဗွီနှင့်ဆက်စပ်နေသည့် ရောဂါဖြစ်ပွားမှုများနှင့် သေဆုံးမှုများ၊ လူမှုရေးနှင့် စီးပွားရေး အကျိုးသက်ရောက်မှုများကို လျှော့ချရန်ဆိုသည့် ရည်မှန်းချက်များကို ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်လာသူများက မူးယစ်ဆေးအကြောထဲထိုးသွင်းသူများအကြား အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါဆိုင်ရာ ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အားသာချက်/အားနည်းချက်များ၊ လုပ်ငန်းလိုအပ်ချက်များကို ပြန်လည်ဆွေးနွေးကြမည်ဖြစ်ပြီး အရှိန်အဟုန်မြှင့် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များကို နှစ်ရက်တာ ဆွေးနွေးကြမည် ဖြစ်သည်။
ထို့အပြင် Table Top Exer-cise for Implementation of International Health Regula-tion for Pandemic Threats စားပွဲဝိုင်းလေ့ကျင့်ခန်းကို ရုံးအမှတ် (၄၇) နေပြည်တော်၌ အကြိုလှုပ်ရှားမှုအဖြစ် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါစားပွဲဝိုင်းလေ့ကျင့်ခန်းသည် နိုင်ငံတကာ ခရီးသွားလာခြင်း၊ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်လာခြင်း၊ နိုင်ငံတကာကို ခြိမ်းခြောက်နိုင်သော ရောဂါများနှင့် အခြားပြည်သူ့ကျန်းမာရေးထိခိုက်နိုင်သော အန္တရာယ်များ ဦးထောင်လာခြင်း သို့မဟုတ် ပြန်လည်ဦးမော့လာခြင်းတို့အတွက် လိုအပ်သော ကာကွယ်ပြင်ဆင်မှုအဖြစ် ပြုလုပ်သော လေ့ကျင့်ခန်းဖြစ်ပြီး ကူးစက်မြန်တုပ်ကွေးရောဂါနှင့် အလားတူ ဖြစ်ပွားလာပါက မြို့နယ်အဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နှင့် ဗဟိုအဆင့် တုံ့ပြန်ဆောင်ရွက်ရမည့်လုပ်ငန်းများကို အဖွဲ့လိုက် လေ့ကျင့်နိုင်ရန် ပြုလုပ်သော လေ့ကျင့်ခန်းလည်းဖြစ်သည်။
အဆိုပါ လေ့ကျင့်ခန်းကို တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ နှီးနွှယ်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ နှီးနွှယ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်၍ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများနှင့် သက်ဆိုင်သော ကူးစက်မြန်ရောဂါများအား နယ်စပ်ဖြတ်ကျော် ကူးစက်ပြန့်ပွားခြင်းဆိုင်ရာ ကာကွယ်တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
