နေပြည်တော် ဒီဇင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ တောင်ဘက် ၁၀ မိုင်ခန့်အကွာ၊ ကလေး - တမူးလမ်းမပေါ်ရှိ ထန်းတပင်ကျေးရွာကို ဒီဇင်ဘာ ၃ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ ကျေးရွာ ၂ ရွာကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်းစသည်ဖြင့် အချက်အလက်တိကျခိုင်မာခြင်းမရှိသည့် သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများ၌ ဖြန့်ဝေရေးသားလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါဒေသများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံများအား ဆက်သွယ်မေးမြန်းချက်များအရ အဆိုပါကျေးရွာများနှင့် အနီးတစ်ဝိုက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ လှုပ်ရှားသွားလာမှု မရှိကြောင်းသိရှိရပြီး တရားမဝင် ပြည်ဖျက်မီဒီယာများအနေဖြင့် ဒေသခံပြည်သူများ ကြောက်ရွံ့ထိတ်လန့်လာစေရန်၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အားကိုးယုံကြည်မှု နည်းပါးလာစေရန်အတွက် ယခုကဲ့သို့ အချေအမြစ်မရှိသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် ရည်ရွယ်ချက်ရှိရှိဖြင့် ရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရသည်။