နေပြည်တော် ဒီဇင်ဘာ ၃
နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း အသက်ပေးကျဆုံးသွားခဲ့သည့် ခေတ်အဆက်ဆက်မှ ကျဆုံးစစ်သည်များအား ဒသမအကြိမ်မြောက် အောက်မေ့ဖွယ်ရာ ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်းအခမ်းအနားအား ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ သူရဲကောင်းဗိမာန်၌ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ စကားသံများကို ဖော်ပြပေးလိုက်ရပါသည်။
ဦးစိုင်းမောက်ဟိန်း ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်း (နယက)
ခေတ်အဆက်ဆက်က ကျဆုံးသွားသည့် သူရဲကောင်းစစ်သည်တွေကို အောက်မေ့ဖွယ်ဂါရဝပြုဆုတောင်းပွဲနဲ့ အလေးပြုခြင်းအခမ်းအနားကို ကျင်းပတဲ့ပွဲဖြစ်ပါတယ်။ သူရဲကောင်းဗိမာန်အခမ်းအနားကျင်းပတာ ၂၀၁၄ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ၂၀၂၃ ခုနှစ် အခုဆိုရင် ၁၀ ကြိမ်မြောက်ဖြစ်ပါတယ်။ ရန်ကုန်မှာ အခမ်းအနားကို ခုနစ်ကြိမ်မြောက်ကျင်းပခဲ့ပါတယ်။ နေပြည်တော် မှာ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့ပြီး အခုအကြိမ်နဲ့ဆိုရင် သုံးကြိမ်မြောက် အားလုံးစုစုပေါင်း ၁၀ ကြိမ်မြောက်တိုင်တိုင် ကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီလိုမျိုး အခမ်းအနားကို ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ခေတ်အဆက်ဆက်က အမျိုးဘာသာသာသနာနဲ့ တိုင်းပြည်အတွက် အသက်စွန့်သွားကြတဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုပေးတဲ့အခမ်းအနား ဖြစ်ပါတယ်။ ဒီလိုမျိုးပွဲအခမ်းအနားကို နှစ်စဉ်ပြုလုပ်ပေးတာ သိပ်ကောင်းတဲ့အစီအစဉ်ဖြစ်ပါတယ်။ အားလုံးကို မသိလိုက်ရသော်ငြားလည်း သတင်းမီဒီယာတွေနဲ့ ကိုယ့်မျက်စိရှေ့မှာ အမှန်တကယ် တိုင်းပြည်ကို ကာကွယ်ပေးခဲ့ကြတဲ့ သူရဲကောင်းစစ်သည်တွေကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲနဲ့ နှစ်စဉ်နှစ်တိုင်းမပျက်ဘဲ တက်ရောက် ဂုဏ်ပြုပေးဖြစ်ပါတယ်။ တပ်မတော်သားတွေက ရွတ်ဆိုထားတဲ့ သစ္စာအဓိဋ္ဌာန်ချက်များနဲ့ ကိုယ်ကျိုးလုံးဝမဖက် ဘဲမိမိနိုင်ငံကိုကာကွယ်ပေးနေတဲ့ ပုဂ္ဂိုလ်များလည်းဖြစ်ကြပါတယ်။ အစဉ်ထာဝရလည်း လေးစားပြီးသားဖြစ်ပါတယ်။ ကိုယ်တိုင်ကလည်း အခုအခမ်းအနားကို ရှမ်းပြည်မြောက်ပိုင်းကနေလာတာဖြစ်ပါတယ်။ တိုင်းပြည်ငြိမ်းချမ်းအောင် နိုင်ငံတော်အတွက်၊ မိမိတို့မြန်မာပြည်အတွက် လက်ရှိဖြစ်ပွားနေတဲ့၊ ရှေ့တန်းမှာတာဝန် ထမ်းဆောင်နေတဲ့ တပ်မတော်သား စစ်သည်များအားလုံး ဘေးရန်အပေါင်းမှကင်းရှင်းပြီး တရားသောစစ်အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။
ဦးထွန်းထွန်းဦး ရန်ကုန်တိုင်းဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ
အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းများကို အောက်မေ့ဖွယ်ရာ ဂါရဝပြုခြင်းနဲ့အလေးပြုခြင်းကို သူရဲကောင်းဗိမာန်မှာ ကျင်းပတဲ့အခမ်းအနားကို ကျွန်တော်လာပြီး တက်ရောက်ခြင်းဖြစ်ပါတယ်။ ကျွန်တော်ကတပ်မတော်သားဟောင်းတစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်းဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအသင်းရဲ့ ရည်ရွယ်ချက်ကဘာလဲဆိုရင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအသင်းမှသည် ငြိမ်းချမ်းရေးဆီသို့ဆိုတဲ့ ဆောင်ပုဒ်ရှိပါတယ်။ ငြိမ်းချမ်းရေးကိုဖော်ဆောင်တဲ့အသင်းဖြစ်သလို တပ်မတော်ကိုလည်း အပြည့်အဝထောက်ခံတဲ့အတွက် ဒီပွဲကို တက်ရောက်ရခြင်းဖြစ်ပါတယ်။ ဒီအခမ်းအနားကို နှစ်စဉ်နှစ်တိုင်း တက်ရောက်ဖြစ်ပါတယ်။ နောက်ပြီး တပ်မတော်ကိုထောက်ခံတဲ့ ပြည်သူပြည်သားအားလုံးကို စုံစုံညီညီတွေ့ရတော့ ဝမ်းသာပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့အဖွဲ့ကို ကျွန်တော်တို့အသင်းအဖွဲ့က တတ်အားသရွေ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ လှူဒါန်းပြီးပြီဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းအဖွဲ့က ဒံပေါက်တွေ လှူဒါန်းဖြစ်ပါတယ်။ တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေကြတဲ့ စီနီယာ၊ ဂျူနီယာညီနောင်အားလုံးပဲ တိုက်ပွဲမှာအောင်မြင်နိုင်ပါစေ။ ဘေးရန်ကင်းရှင်းပြီး တရားသောစစ်အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ပြည်သူပြည်သားများကလည်း ကိုယ့်တိုင်းပြည်အေးချမ်းသာယာအောင် တိုက်ပွဲဝင်နေကြတဲ့ တပ်မတော်သားများကို ဆက်လက်ထောက်ခံပေးကြပါလို့ ပြောချင်ပါတယ်။
ဦးသက်နောင် စစ်မှုထမ်းဟောင်း
ကျွန်တော်ကတော့ ပုဗ္ဗသီရိမြို့နယ် နဝဒေးရပ်ကွက်က လာရောက်ဂုဏ်ပြုတာဖြစ်ပါတယ်။ ကျဆုံးသွားတဲ့ တပ်မတော်သားတွေကို လာရောက်ဂုဏ်ပြု ရတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။ နှစ်စဉ်နှစ်တိုင်း ကျင်းပပေးတဲ့အတွက် ကျဆုံးသွားတဲ့သူတွေအတွက်လည်း အမြဲတမ်းအမှတ်တရ ဂုဏ်ယူနေမှာပါ။ ကျွန်တော်တို့ ညီအစ်ကိုများကလည်း လက်ဆင့်ကမ်းအမွေကို ထိန်းသိမ်းသွားဖို့လည်းလိုပါတယ်။ ကျွန်တော်လည်း စစ်သက် ၄၀ ထိလုပ်ခဲ့တယ်။ တိုင်းပြည်အတွက် တာဝန်ကျေပွန်အောင် ထမ်းဆောင်ခဲ့ရတဲ့အတွက် ကျဆုံးသွားတဲ့ တပ်မတော်သားတွေကို အမြဲတမ်းသတိရပြီး လာရောက်ဂုဏ်ပြုခြင်းဖြစ်ပါတယ်။ တပ်မတော်ရဲ့အခန်းကဏ္ဍက ဘယ်လောက်အရေးကြီးတယ်ဆိုတာ အသေးစိတ်တင်ပြဖို့တောင်မလိုပါဘူး။ ဒါကြောင့် တပ်မတော်ဟာ ပြည်ထောင်စုမပြိုကွဲရေးအတွက် ထိပ်ဆုံးကနေပြီး ကာကွယ်ရမယ့်အဖွဲ့အစည်းဖြစ်ပါတယ်။ တိုက်ပွဲတိုင်းမှာ အရာရာအောင်မြင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ဒေါ်နီနီအောင်(ပြည်သူ)
ကျွန်မက ဇဗ္ဗူသီရိမြို့နယ်ကနေ အခမ်းအနားကိုလာပြီး တက်ရောက်တာဖြစ်ပါတယ်။ အခမ်းအနားကို မနှစ်ကလည်းတက်ရောက်ဖြစ်ပါတယ်။ ဒီနှစ်မှာ အခက်အခဲတွေကြားထဲကနေ တက်ရောက်တာ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့လူမျိုး၊ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးစိတ်နဲ့ တက်ရောက်တာဖြစ်ပါတယ်။ နောက်ပြီး တိုင်းပြည်အတွက် အသက်ပေးခဲ့ကြတဲ့ တပ်မတော်သားတွေကို ဂုဏ်ပြုအလေးပြုချင်တဲ့အတွက် လာရောက်ဖြစ်တယ်။ ကျွန်မက တပ်မတော်သား မျိုးရိုးမဟုတ်ပါဘူး။ တပ်မတော်ကို ကျွန်မငယ်ငယ်ကတည်းက ချစ်ခင်တဲ့ စိတ်ဖြစ်တဲ့အတွက် လာခဲ့ခြင်းဖြစ်ပါတယ်။
မောင်ရဲလင်းထွန်း (ကချင်တိုင်းရင်းသား)
ကျွန်တော်က ကချင်တိုင်းရင်းသားကိုယ်စားပြုနေရာကနေပါဝင်ပြီး ကူညီပေးတာဖြစ်ပါတယ်။ ကျဆုံးသွားတဲ့ စစ်သည်တွေကို မနှစ်ကလည်း သူရဲကောင်းဗိမာန်မှာကျွန်တော် လာရောက်ဂုဏ်ပြုခဲ့ပါတယ်။ ဒီနှစ်မှာတော့ လူအင်အားဖြည့်တာလည်းပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ဒီတိုင်းရင်းသားနေရာမှာ ပါဝင်ကူညီရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ကချင်တိုင်းရင်းသားနေရာကနေ လက်ရှိမငြိမ်းချမ်းသေးတဲ့ တိုင်းရင်းသားတွေကိုလည်း ငြိမ်းငြိမ်းချမ်းချမ်းလေးဖြစ်စေချင်တယ်။ အဲဒီအတွက်လည်း လာရောက်ဂုဏ်ပြုခြင်းလည်းဖြစ်ပါတယ်။ တိုင်းရင်းသားတွေလည်း မြန်မာလူမျိုးတွေ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ အားလုံးနဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြီးကို ငြိမ်းချမ်းခြင်းတွေနဲ့ ဖြတ်သန်းစေချင်ပါတယ်။ ရှေ့တန်းရောက် တပ်မတော်သားတွေအနေနဲ့ ကျွန်တော်တို့ကတော့ တိုက်ပွဲတွေ တိုင်းတော့အောင်မြင်စေချင်ပါတယ်။ စစ်သည်တွေအားလုံးလည်း အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
လဲ့ရည်အောင်