Skip to main content

ဂုဏ်ပြုထိုက်ပေ့ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့

စိန်ဌေးလှိုင်(ဟိုပုံးမြေ)

“မသန်စွမ်းသူ”ဆိုသော စကားမှာရုပ်ပိုင်းဆိုင်ရာ သို့မဟုတ်စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိနေသူကိုခေါ်ဆို၏။ ၎င်းချို့ယွင်းချက်များမှာ လူသားတို့မွေးကင်းစအရွယ် သို့မဟုတ် လူတစ်ဦး၏ နေထိုင်ရှင်သန်ရာကာလအတွင်း ဖြစ်ပေါ်ခံစားရသည်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ဉာဏ်ရည်ပိုင်းဆိုင်ရာနှင့် အာရုံခံစနစ် ချို့ယွင်းချက်တို့သည် လူ့အဖွဲ့အစည်း အတွင်း ထိရောက်စွာပါဝင်မှုကို ဟန့်တားစေသည်။ မသန်စွမ်းဆိုသည်ကို အလွယ်တကူ ကောက်ချက်ချရမည်ဆိုလျှင်မျက်စိမမြင်၊ နားမကြားခြင်းနှင့် ခြေလက်အင်္ဂါအစိတ်အပိုင်းများ ပျက်စီးခြင်းတို့ပင် ဖြစ်သည်။ သာမန်မမြင်နိုင်၊ မသိနိုင်သော ဉာဏ်ရည်မမီမှု၊ အာရုံစူးစိုက်မှု အားနည်းမှု၊ စကားမပြောတတ်မှုတို့ကိုလည်း မသန်စွမ်းဟုခေါ်ဆိုနိုင်၏။ ထို့ပြင်ပန်းနာရင် ကျပ်ရောဂါ၊ ဝက်ရူးပြန်ရောဂါ၊ အဆစ်အမျက်ရောင်ရောဂါနှင့်နာတာရှည် ပင်ပန်းနွမ်းနယ်မှု ရောဂါတို့ကိုလည်း မသန်စွမ်းဟု ခေါ်ဆိုနိုင်ကြောင်း လေ့လာသိရှိရသည်။

အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အတည်ပြုသတ်မှတ်

ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက မသန်စွမ်းသူများဆိုင်ရာ ကမ္ဘာ့လုပ်ငန်းစဉ်တွင် မသန်စွမ်းသူများကို ကြိုတင်ကာကွယ်ခြင်း၊ ပြန်လည်ထူထောင်ခြင်း၊ အပြည့်အဝပါဝင်ခွင့်နှင့် တန်းတူရပိုင်ခွင့် တို့ကို တိုးမြှင့်ရန်အတွက် ပထမဦးဆုံးဖြစ်သည့် “မသန်စွမ်းရပိုင်ခွင့် နည်းဗျူဟာ” တစ်ရပ်အား ၁၉၈၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ချမှတ်ခဲ့ သည်။ ၁၉၉၂ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကျင်းပသော (၄၇)ကြိမ် မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကြီး၏ ဆုံးဖြတ်ချက်အပိုဒ်(၄၇/၃) အရ အဆိုပါဗျူဟာချ မှတ်ခဲ့သာ ဒီဇင်ဘာလ ၃ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (International Day of Persons with Disabilities)” အဖြစ် အတည်ပြုသတ်မှတ်ခဲ့သည်။ လူ့အဖွဲ့အစည်းတိုင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုတိုင်းတွင် မသန်စွမ်းသူများအတွက် ချမ်းသာမှုအခွင့်အရေးများကို မြှင့်တင်ပေးရန်ဆိုသည့် ရည်ရွယ်ချက်ကို ထားရှိသည်။ ထို့ပြင် ကုလသမဂ္ဂမသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း (United Nations Convention on The Right Of Persons with Disabilities - UNCRPD)ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ရာ နိုင်ငံပေါင်း ၁၇၅ နိုင်ငံကပါဝင် လက်မှတ်ရေး ထိုးခဲ့ကြသည်။

မသန်စွမ်းသူများ၏ဘဝတွင် ရင်ဆိုင်တွေ့ကြုံနေရသော အခက်အခဲအတားအဆီးများ၊ တန်းတူညီမျှရပိုင်ခွင့်များ၊ ပူးပေါင်းလုပ်ဆောင်နိုင်မှုများစသည့် စိန်ခေါ်မှုများကို လူသားများက လက်တွေ့ ကျအောင် ဖြေရှင်းပေးရန် လိုအပ်လျက်ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းထုတ်ပြန်သော မသန်စွမ်းမှုဆိုင်ရာ အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေသန်း ၁၀၀၀ ကျော်သည် မသန်စွမ်းမှုတစ်မျိုးမျိုးကို ခံစားနေရကြောင်း လေ့လာသိရှိရ၏။ ထိုပမာဏကို သတိပြုမိခြင်းကြောင့် ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံများက မသန်စွမ်းသူများ၏အရေးကို ကြိုးပမ်းအကောင် အထည်ဖော်လျက်ရှိသည်။ အလုပ်အကိုင် ခွဲခြားဆက်ဆံခံရမှုမှာ အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေ၏။ ထို့ကြောင့်တာဝန်ရှိသူများ၊ အစိုးရအဖွဲ့အစည်းများ၊ ကျန်းမာရေးအတတ်ပညာရှင်များသည် မသန်စွမ်းသူများ၏ အတွေ့အကြုံများကို လေ့လာပြီး လူမှုစီးပွားတည်ဆောက်ရေးတို့ကို ဆောင်ရွက်ပေး ရမည်ဖြစ်ပေသည်။ သို့မှသာ မသန်စွမ်းသူတို့ ရင်ဆိုင်နေရသည့် အခက်အခဲများကို လျှော့ချနိုင်ပေမည်။

၁၂ ဒသမ ၈ ရာခိုင်နှုန်းသည် မသန်စွမ်းသူများဖြစ်

“မသန်မစွမ်း”ဆိုသော အသုံးအနှုန်းသည် မသန်လည်းမသန်၊ စွမ်းဆောင်နိုင်မှု လည်းမရှိဆိုသည့် အဓိပ္ပာယ် သက်ရောက်နေခြင်းကြောင့် “မသန်စွမ်း” ဆိုသောစကားဖြင့် ၁၉၉၄ ခုနှစ်တွင် ကျရောက် သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်း သူများနေ့မှ စတင်ပြောင်းလဲ ခေါ်ဝေါ် သုံးစွဲရန် လူမှုဝန်ထမ်းဝန်ကြီးဌာနက တရားဝင်သတ်မှတ်ခဲ့သည်။ “ကြီးသူကို ရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား” ဆိုသည့်စကားအတိုင်း မြန်မာနိုင်ငံတွင် မသန်စွမ်းသူများကူညီ စောင့်ရှောက်ရေးကို ခေတ်အဆက်ဆက် ကတည်းက ဆောင်ရွက်ခဲ့ကြသည်။ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ လူဦးရေ ၅၉ သိန်းကျော်၊ တစ်နည်း အားဖြင့် မြန်မာ့လူဦးရေ၏ ၁၂ ဒသမ ၈ ရာခိုင်နှုန်းသည် မသန်စွမ်းသူများဖြစ်ကြ၏။ မသန်စွမ်းကလေးသူငယ်များအခြေ အနေ လေ့လာဆန်းစစ်ချက်(၂၀၁၆)အရ နိုင်ငံတစ်ဝန်း၌ မသန်စွမ်းကလေးသူငယ် ၂၃၂၀၀၀ ခန့်ရှိပြီး သုံးဦးတွင်နှစ်ဦးက ကျောင်းမတက်နိုင်ကြဘဲ ၃၆ ရာခိုင်နှုန်း သာ စာရေးစာဖတ် တတ်ကြောင်း လေ့လာသိရှိရ၏။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာကွန်ဗင်းရှင်းသို့ အဖွဲ့ဝင်နိုင်ငံ အဖြစ် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ တွင် ဝင်ရောက်ခဲ့သည်။ အရှေ့တောင် အာရှတွင် အခမ်းနားဆုံးဖြစ်သော မသန်စွမ်းသူများညီလာခံကို ၂၀၁၄ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပခဲ့ရာ မသန်စွမ်းကိုယ်စားလှယ် ၅၅၀ တက်ရောက်ခဲ့ကြသည်။ “မသန် စွမ်းသူများ၏ အခွင့်အရေးဥပဒေ”ကို ၂၀၁၅ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ မသန်စွမ်းသူများကိုပိုမို ကြည့်ရှုစောင့်ရှောက်နိုင်ရန်၊ ကုလသမဂ္ဂ၏ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရန်၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို မသန်စွမ်းသူအားလုံးက တန်းတူညီမျှ အပြည့်အဝ ရရှိစေရန်နှင့် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ပြည်သူ့ရေးရာစသည့် နယ်ပယ်အသီးသီး တွင် အခြားသူများနှင့်တန်းတူ ပေါင်းစည်း ပါဝင်နိုင်ရန်”စသည့် ရည်ရွယ်ချက် ၉ ရပ်ကို ချမှတ်ခဲ့သည်။ ဖွံ့ဖြိုးတိုးတက် ရေးမဟာဗျူဟာ (၂၀၁၆-၂၀၂၅)ကို ရေးဆွဲပြီး ပြန်လည်ထူထောင်ရေး၊ မသန်စွမ်းအဆင့်သတ်မှတ်ရေး၊ မှတ်ပုံတင်ရေးနှင့် ရန်ပုံငွေတစ်ရပ် ထူထောင်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက ရန်ကုန်နှင့် စစ်ကိုင်းမြို့တို့တွင် မျက်မမြင်သင်တန်း ကျောင်းများ၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ နားမကြားကလေး သင်တန်းကျောင်းများ၊ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တွင် မသန်စွမ်းသက်ကြီးသင်တန်းကျောင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌မသန်စွမ်း သက်ငယ်သင်တန်းကျောင်းများ၊ ရန်ကုန်မြို့တွင် မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာတို့ကို ဖွင့်လှစ်ထားရှိသည်။ ထို့ပြင် မျက်မမြင် အကြောပြင်အနှိပ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ သတင်းအချက်အလက်များ လက်လှမ်းမီရရှိနိုင်ရေးစီမံကိန်း၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာစီမံကိန်း၊ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်မှာ အားရဖွယ် ရာကောင်းလှသည်။

ကုလသမဂ္ဂ၏ “မသန်စွမ်းသူများ၏အခွင့် အရေးသဘောတူစာချုပ်”ထဲတွင် “မသန်စွမ်းသူဆို သည်မှာ ပတ်ဝန်းကျင်ရှိ အတားအဆီးများကြောင့်လူ့အဖွဲ့ အစည်းအတွင်း အများနည်းတူ အပြည့်အဝ ထိရောက်စွာ ပါဝင်ဆောင်ရွက်မှု မပြုနိုင်သော ကိုယ်ခန္ဓာပိုင်း၊ စိတ်ပိုင်း၊ ဉာဏ်ရည်ပိုင်း သို့မဟုတ် အာရုံခံစားမှု ပိုင်းဆိုင်ရာ ရေရှည်ချို့ယွင်းချက်ရှိသူ များ”ဟု အတိအလင်း ဖော်ပြထားရှိသည်။ မသန်စွမ်းသူများ၏ဘဝတွင် နိစ္စဓူဝခံစားတွေ့ကြုံနေရသော အခက် အခဲအတားအဆီးများမှာ ၎င်းတို့၏ မပြည့်စုံမှုကြောင့်မဟုတ်ဘဲ ရင်ဆိုင် တွေ့ကြုံနေရသည့် ပတ်ဝန်းကျင် အတားအဆီးများလည်း ပါဝင်နေ၏။

မသန်စွမ်းသူများ၏ဘဝ  ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်

အချုပ်အားဖြင့် ကမ္ဘာတစ်ဝန်းတွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကို ၁၉၉၂ ခုနှစ်မှ စတင် ကျင်းပသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့် လည်း ၁၉၉၄ ခုနှစ်မှ စတင်ကျင်းပခဲ့ သည်။ ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဆောင်ပုဒ်မှာ “စဉ်ဆက်မပြတ် ဖွံ့ဖြိုးဖို့ မသန်စွမ်းသူ များနှင့်အတူ ကူညီဆောင်ရွက်စို့ (United in action to rescue and achieve the SDGs for, with and by persons with disabilities)” ဟူ၍ ဖြစ်သည်။ မသန်စွမ်းသူများ၏ဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လူသားအားလုံးက ကူညီဆောင်ရွက်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် အေးချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်ရာတွင်နိုင်ငံသားများရရှိ ခံစားသင့်သော အခွင့်အရေးများကို စနစ်တကျ သာတူညီမျှရှိရန်မှာ လွန်စွာအရေးကြီးသည်။ မသန်စွမ်းသူများ သည်လည်း နိုင်ငံသားများဖြစ်ကြပေရာ ၎င်းတို့၏အကျိုးကို နိုင်ငံတော်က ဆောင်ရွက်ပေးနေသကဲ့သို့ ပြည်သူအပေါင်းကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ကြပါရန် ရေးသားလိုက်ရပေသည်။ ။

ကိုးကား။ ။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသော မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရအသုံးအနှုန်းများ လက်စွဲအညွှန်းစာအုပ်။