Skip to main content

ဉာဏ်ပညာကြီးမားတဲ့ လူတစ်ယောက်ဖြစ်ဖို့၊ အသိဉာဏ်မြင့်မားတဲ့ လူတစ်ယောက်ဖြစ်လာဖို့ စာများများဖတ်ဖို့က ရွေးချယ်ခွင့်မရှိတဲ့ တစ်ခုတည်းသောနည်းလမ်းသာ ဖြစ်ပါတယ်

ပြန်ကြားရေး၀န်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၂၂ ခုနှစ်အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသောစာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ ဆုရရှိသူများအား တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်-

ဘာသာရပ် - ဘာသာပြန်(သုတ၊ ရသ)

စာရေးသူ - ဒေါက်တာတင်ဘုန်းကျော်

စာအုပ်အမည် - စူပါပါဝါပြိုင်ပွဲနှင့် AI နည်းပညာ

ကိုဗစ်ကာလမှာ ကျွန်တော်အလွန်ဖတ်ချင်နေတဲ့ အေအိုင်(AI)စာအုပ်တွေ ဖတ်ဖြစ်ပါတယ်။ အဲဒီစာအုပ်တွေထဲမှာ ကျွန်တော်အကြိုက် ဆုံးလည်းဖြစ်သလို မြန်မာစာဖတ်ပရိသတ်တွေနဲ့ အေအိုင်ရင်းနှီးစေဖို့ အသင့်တော်ဆုံးဖြစ်တဲ့ ဒီစာအုပ်ကိုရွေးချယ်ပြီး ဘာသာပြန်ရေးသား ဖြစ်တာပါ။ ဒီစာအုပ်မှာ အေအိုင်နည်းပညာရဲ့ သမိုင်းကြောင်းတွေ၊ အခြေခံသဘောတရားတွေ၊ အေအိုင်နည်းပညာနဲ့ တိုက်ရိုက်ဆက်နွှယ် ပတ်သက်နေတဲ့ နည်းပညာတွေ၊ အခြားသော ပလက်ဖောင်းတွေ၊ အေအိုင်နည်းပညာရဲ့ လက်ရှိအခြေအနေနဲ့ အနာဂတ်အလားအလာတွေ၊ စူပါပါဝါနေရာလုနေကြတဲ့ ကမ္ဘာ့နိုင်ငံကြီးတွေက အေအိုင်နည်းပညာကို အပြိုင်အဆိုင်ကြိုးပမ်းကြပုံတွေ၊ အေအိုင်နည်းပညာနဲ့ နိုင်ငံကြီးတွေရဲ့ သမိုင်းကြောင်းနဲ့ ယှဉ်ပြိုင်ခဲ့ကြပုံတွေကို မူရင်းစာရေးဆရာက စိတ်ဝင်စားစရာကောင်းအောင် ရေးသားတင်ပြထားပါတယ်။ ဒီစာအုပ်စရေးဖြစ်တဲ့ အချိန်ကစပြီး ထုတ်ဝေတဲ့အထိ နှစ်နှစ်ကျော်လောက် အချိန်ယူခဲ့ရပါတယ်။

စာတွေဖြစ်ဖြစ်မြောက်မြောက် စရေးခဲ့တာကတော့ ၂၀၁၄ ခုနှစ် လောက်မှာပါ။ စပြီးရေးဖြစ်တဲ့ ဆောင်းပါးကတော့ နိုင်ငံတကာရေးရာ ကဏ္ဍဖြစ်ပါတယ်။ နိုင်ငံတကာရေးရာ၊ နည်းပညာ၊ အတွေးအမြင်၊ ဘာသာရပ်ပိုင်းဆိုင်ရာတွေကို ရေးဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ကျွန်တော်ရေးခဲ့တဲ့ ဆောင်းပါး ၁၇၀ ကျော်ရှိပါပြီ။ ပထမဦးဆုံးစာအုပ် စရေးဖြစ်တာကတော့ ဘာသာရပ်ပိုင်းဆိုင်ရာစာအုပ် ဖြစ်ပါတယ်။ ရုရှားဘာသာနဲ့ အင်္ဂလိပ်ဘာသာနှစ်ဘာသာနဲ့ ထုတ်ဝေဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအမျိုးသားစာပေဆုရခဲ့တဲ့ စာအုပ်ကတော့ မြန်မာဘာသာနဲ့ရေးထားတဲ့ ကျွန်တော့်ရဲ့ပထမဆုံးစာအုပ်ဖြစ်ပါတယ်။ ဒုတိယမြောက်စာအုပ်ကို နိုင်ငံတကာရေးရာကဏ္ဍနဲ့ ထုတ်ဝေထားပြီး ဖြစ်ပါတယ်။ တတိယမြောက်စာအုပ်ကိုလည်း ထုတ်ဝေနိုင်ဖို့ စီစဉ်နေပါတယ်။ လာမယ့် ၂၀၂၄ ခုနှစ်ထဲမှာ အတွေးအမြင်ကဏ္ဍပိုင်းနဲ့ နည်းပညာပိုင်း၊ ဘာသာရပ် ပိုင်းဆိုင်ရာစာအုပ်တွေနဲ့ ဆောင်းပါးတွေလည်း ဆက်လက်ထုတ်ဝေ သွားဖို့ ရှိပါတယ်။

ပထမဆုံးပြောကြားလိုတာကတော့ နည်းပညာကိုအခြေခံပြီး ရေးထားတဲ့ စာအုပ်ဖြစ်တာကြောင့် အမျိုးသားစာပေဆုနဲ့ မနီးစပ်ဘူးလို့ တွေးမိပါသေးတယ်။ ဒါပေမဲ့ အခုလိုနည်းပညာကို အသားပေးထားတဲ့ စာအုပ်ကို တခုတ်တရဖတ်ပြီး တန်ဖိုးထားအကဲဖြတ်ပေးတဲ့ အမျိုးသားစာပေဆုရွေးချယ်ရေးအဖွဲ့ဝင်တွေကို အထူးပဲကျေးဇူးတင်ပါတယ်။ ဒုတိယတစ်ချက်ကတော့ ကျွန်တော့်ရဲ့ပထမဆုံးစာအုပ်မှာပဲ အမျိုးသား စာပေဆုရခဲ့တာကြောင့် အတိုင်းမသိဝမ်းသာပီတိ ဖြစ်ရပါတယ်။ အထူးသဖြင့် ကိုယ်စိတ်ဝင်တစားလုပ်ကိုင်နေတဲ့ နယ်ပယ်အပေါ်မှာ အသိအမှတ် ပြုခံရခြင်းဖြစ်လို့ ပိုပြီးဂုဏ်ယူရပါတယ်။ နောက်ထပ်စာတွေ ရေးသားနိုင်ဖို့လည်း ခွန်အားတွေ ဖြစ်စေပါတယ်။

ဉာဏ်ပညာကြီးမားတဲ့လူတစ်ယောက်ဖြစ်ဖို့၊ အသိဉာဏ်မြင့်မားတဲ့ လူတစ်ယောက်ဖြစ်လာဖို့ စာများများဖတ်ဖို့က ရွေးချယ်ခွင့်မရှိတဲ့ တစ်ခုတည်းသောနည်းလမ်းသာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်က ဖတ်စရာတွေ၊ လေ့လာစရာတွေ အလွန်ပေါတဲ့ခေတ်ပါ။ စာဖတ်တာ လောဘကြီးတဲ့သူတွေတောင် ဘာရွေးဖတ်ရမှန်းမသိအောင် တန်ဖိုးရှိတဲ့စာတွေ ဖတ်လို့ကိုမနိုင်တဲ့ ခေတ်ပါ။ ဒီလိုတန်ဖိုးရှိတဲ့ခေတ်မှာ လူဖြစ်လာရတဲ့အခွင့်အရေးကို အသုံးချကြဖို့ လူငယ်တွေကို အားပေးတိုက်တွန်းလိုပါတယ်ဟုပြောသည်။

ဒေါက်တာတင်ဘုန်းကျော်အား အဘဦးစန်းဝေ-အမိဒေါ်ခင်စန်းရင် တို့က ၁၉၇၈ ခုနှစ်တွင် ရမည်းသင်းမြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း သုံးဦးရှိပြီး ဒုတိယမြောက်ဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင် အထက(၂) လှိုင်မှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် စစ်တက္ကသိုလ်အမှတ်စဉ်(၄၁)သင်တန်းကို တက်ရောက်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် သိပ္ပံဘွဲ့(စစ်တက္ကသိုလ်)ကို ရရှိခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ရုရှားနိုင်ငံသို့ ပညာတော်သင်စေလွှတ်ခြင်းခံခဲ့ရသည်။၂၀၀၇ ခုနှစ်တွင် Automation & Intelligent Control ဘာသာရပ်ဖြင့် မဟာဘွဲ့ကို ထူးချွန်အဆင့်ရရှိအောင်မြင်ခဲ့ပြီး ပါရဂူဘွဲ့ကို ဆက်လက်သင်ကြားခွင့်ရရှိခဲ့ သည်။ ၂၀၁၀ ပြည့်နှစ်တွင် ပါရဂူဘွဲ့ကို ရရှိခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်တွင် ရုရှားနိုင်ငံ၏ အမြင့်ဆုံးဘွဲ့ဖြစ်သော Doctor of Sciences ဘွဲ့ကို မြန်မာနိုင်ငံသားများထဲမှ ပထမဆုံးရရှိခဲ့သည်။

လက်ရှိတွင် တပ်မတော်၌ ပါမောက္ခ ဒုတိယဗိုလ်မှူးကြီးရာထူးဖြင့် သင်ကြားရေးနှင့် သုတေသနလုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက် ရှိသည်။ စာရေးသူသည် တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသည့် ကာလအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်၊ စိန်ရတုတပ်မတော်နေ့အထိမ်းအမှတ် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ ဂုဏ်ပြုဆု(စာပေဆိုင်ရာ)၊ သိပ္ပံပညာထူးချွန်တံဆိပ် (ပထမအဆင့်)၊ စီမံထူးချွန်တံဆိပ်(ပထမအဆင့်)တို့ကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။

၂၀၁၄ ခုနှစ်တွင် “ရုရှားတို့မမှုတဲ့ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့ မှုဆောင်းပါးဖြင့် မြန်မာ့စာပေလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ စာရေးသူသည် ရုရှားဘာသာ၊ အင်္ဂလိပ်ဘာသာများဖြင့် ပညာရပ်ဆိုင်ရာ အထူးပြုဆောင်းပါးပေါင်း ၅၀ ကျော် ရေးသားထားပြီးဖြစ်သည်။ ရုရှားပညာရှင်များနှင့်ပူးပေါင်း၍ Russian grant Project များတွင် ပါဝင်လုပ်ဆောင်ခဲ့ပြီး သုတေသနရလဒ်များအား “Decision Making in Air Traffic Control”စာအုပ်အမည်ဖြင့် ရုရှားဘာသာ၊ အင်္ဂလိပ်ဘာသာများ ဖြင့်ရေးသားကာ နိုင်ငံတကာသို့ ဖြန့်ဝေနိုင်ခဲ့သည်။

လက်ရှိတွင် နိုင်ငံတကာဘာသာရပ်ဆိုင်ရာ နည်းပညာဂျာနယ်များ တွင် ရုရှားဘာသာ၊ အင်္ဂလိပ်ဘာသာများဖြင့် ဆောင်းပါးများကို ဆက်လက်ရေးသားလျက်ရှိပြီး မြန်မာနိုင်ငံမှထုတ်ဝေသော မြဝတီသတင်းစာ၊ သုတအလင်းမဂ္ဂဇင်း၊ သုတကမ္ဘာဂျာနယ်နှင့် TREND ဂျာနယ်များတွင် အတွေးအမြင်၊ နိုင်ငံတကာရေးရာနှင့် နည်းပညာ ဆိုင်ရာဆောင်းပါးပေါင်း ၁၇၀ ကျော်အား ဒေါက်တာတင်ဘုန်းကျော်၊ ဧကံ၊ မင်းသုခကျော်၊ လှိုင်ဘုန်းထက်၊ စွန်ရဲနီ(ရမည်းသင်း) စသည့် ကလောင်အမည်ခွဲများစွာဖြင့် ရေးသားထားပြီးဖြစ်သည်။

လုံးချင်းစာအုပ်များအဖြစ် “စူပါပါဝါပြိုင်ပွဲနှင့် AI နည်းပညာ စာအုပ်နှင့် “ရုရှားနှာခေါင်းတစ်ဖက်နဲ့ ဥရောပသားတို့အသက်ရှူခြင်း သို့မဟုတ် အဆုံးအဖြတ်ပေးမယ့်အားစမ်းပွဲစာအုပ်နှစ်အုပ်အား ထုတ်ဝေထားပြီး လက်ရှိတွင်လည်း နိုင်ငံတကာရေးရာ၊ နည်းပညာနှင့် အတွေးအမြင်ဆိုင်ရာစာအုပ်များ ထပ်မံထုတ်ဝေနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ဘာသာရပ် - သုတ(သိပ္ပံ)

စာရေးသူ - စုလှိုင်တင့်

စာအုပ်အမည် - ဇီဝအန္တရာယ်ကျရောက်နိုင်ခြေများအား စီမံခန့်ခွဲခြင်း

ဒီစာအုပ်မှာ ဓာတ်ခွဲခန်းတွေ အထူးသဖြင့် ကျန်းမာရေးဆိုင်ရာ ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွေမှာ ကျရောက်နိုင်ခြေရှိတဲ့ ဇီဝအန္တရာယ်အပါအဝင် အခြားအန္တရာယ်တွေကို ဘယ်လိုစီမံခန့်ခွဲရမလဲ ဆိုတာကို ရေးသားထားတာ ဖြစ်ပါတယ်။ ကိုဗစ်ကာလလွန်နောက်ပိုင်းမှာ ရေရှည် တိုးတက်အောင်မြင်ရေးအတွက် အသုံးပြုလာကြတဲ့ ဝေါဟာရတစ်ခုရှိပါတယ်။ အဲဒါက Risk and opportunities for improvement ပေါ့။ ဒီစာအုပ်မှာ အန္တရာယ်ကျရောက်နိုင်ခြေ(Risk)နဲ့ပတ်သက်ပြီး ဆန်းစစ် ခြင်းနည်းလမ်းတွေ၊ လျှော့ချရှောင်ဖယ်ခြင်းနည်းလမ်းတွေစသဖြင့် စီမံခန့်ခွဲရေးစနစ်တစ်ခု ဘယ်လိုတည်ဆောက်ကျင့်သုံးရမလဲဆိုတာကို ဥပမာတွေနဲ့ ရှင်းလင်းရေးသားထားတာ ဖြစ်ပါတယ်။ 

စာစရေးဖြစ်တာကတော့ ကိုဗစ်ကာလပေါ့။ ကိုဗစ်ကာလမှာ ဓာတ်ခွဲခန်းတွေရဲ့ အရေးပါပုံကို လူတွေပိုသတိထားလာတာနဲ့အမျှ ဓာတ်ခွဲခန်းတွေရဲ့တိုးတက်မှုအတွက် လိုအပ်ချက်တွေလည်း ပိုမိုထင်ရှားလာပါတယ်။ အိမ်မှာ Stayhome ဖြစ်နေတဲ့ ကိုဗစ်ကာလမှာ ဇီဝနည်းပညာ ကျောင်းသားကျောင်းသူဟောင်းတွေ ဖေ့စ်ဘွတ်ပေ့ချ်တစ်ခုထောင်ပြီး ဇီဝနည်းပညာဆိုင်ရာဗဟုသုတတွေ မျှဝေဖြစ်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ကျွန်မကလည်း ကိုယ်တတ်ထားတဲ့ပညာရယ်၊ နိုင်ငံခြားကရခဲ့တဲ့ အတွေ့အကြုံတွေရယ် ပေါင်းစပ်ပြီးတော့ စာစရေးဖြစ်ပါတယ်။ အဲဒီကနေ တစ်ဆင့်ဆရာဦးမျိုးဝင်း၊ ဆရာဦးဟန်မျိုးနောင်(ဦးဟန်မျိုးနောင် စာပေတိုက်)တို့နဲ့ ချိတ်ဆက်မိပြီး WSH journal မှာလည်း ဆောင်းပါး လေးတွေ ရေးဖြစ်ပါတယ်။ ဆရာဦးမျိုးဝင်းရဲ့ တိုက်တွန်းအားပေးလမ်းပြ ချက်အရ ကျွန်မရဲ့ ပထမဆုံးစာအုပ်ဖြစ်တဲ့ ဓာတ်ခွဲခန်းများဆိုင်ရာ အရည်အသွေးစီမံခန့်ခွဲမှုစနစ်နှင့် ဓာတ်ခွဲခန်းဘေးကင်းလုံခြုံရေးစာအုပ် ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ရေးသားထုတ်ဝေဖြစ်ခဲ့ပါတယ်။ အခုဒီစာအုပ်ကတော့ ဒုတိယမြောက်စာအုပ်ပါ။ အခုလက်ရှိမှာတော့ ကျန်းမာရေးဆိုင်ရာ ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွေအတွက် အရည်အသွေးစီမံခန့်ခွဲမှုစနစ်နဲ့ ဇီဝဘေးကင်းလုံခြုံရေးဆိုင်ရာ အကြံပေးအနေနဲ့ လုပ်ကိုင်လျက်ရှိပြီး အားလပ်ချိန်မှာတော့ စာရေးဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဓာတ်ခွဲလောကတိုးတက်ရေးအတွက် ရှေးရှုပြီးတော့ ရေးသားခဲ့တဲ့စာအုပ်နဲ့ အခုလို အမျိုးသားစာပေဆုရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ ရှေ့လျှောက်ပြီးတော့ အသုံးချစာပေတွေ ဆက်လက်ရေးသားဖို့အတွက်လည်း တွန်းအားတစ်ခုရရှိလိုက်သလိုပါပဲ။ စာပေစိစစ်ရွေးချယ်ရေးအဖွဲ့မှ အကဲဖြတ်ပေးတဲ့ ဆရာကြီးဆရာမကြီး ပညာရှင်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ 

စာပေလောကကတော့ အလွန်ကျယ်ပြန့်ပါတယ်။ လူငယ်တွေအနေနဲ့ အခုလို စဉ်ဆက်မပြတ် တိုးတက်နေတဲ့ခေတ်မှာ နှလုံးသားအားဖြည့် ရသစာပေတွေ ဖတ်ရှုသင့်သလို အတွေးအခေါ်ဗဟုသုတအတွက် အသုံးချစာပေတွေလည်း ဖတ်ရှုသင့်တယ်လို့ တိုက်တွန်းအကြံပြုချင် ပါတယ်ဟု ပြောသည်။ 

စာ​ရေးဆရာမစုလှိုင်တင့်အား အဘ ဦးအောင်မင်း-အမိ ဒေါ်ပိုးတို့က တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ၁၉၈၅ ခုနှစ်တွင် မွေးဖွားခဲ့ပြီး မွေးချင်းနှစ်ယောက်အနက် အကြီးဆုံးသမီးဖြစ်ကာလက်ရှိတွင် ရန်ကုန်မြို့၌ နေထိုင်လျက်ရှိသည်။

ဒေါက်တာတင်ဘုန်းကျော်

တွေ့ဆုံမေးမြန်း - လင်းရာမ

ဓာတ်ပုံ - ကိုထက်