နေပြည်တော် နိုဝင်ဘာ ၃၀
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်း (Gold Camp)၊ Cluster(3) ရှိ ဂျူဒိုအားကစားလေ့ကျင့်ရေးခန်းမ၌ ဂျူဒိုအားကစားသမားများ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးစဉ် ပြည်ထောင်စုဝန်ကြီးက အားကစားသမားများအားလုံး စည်းကမ်းတကျ လေ့ကျင့်၍ စိတ်ဓာတ်ပိုင်းနှင့် ကိုယ်ခန္ဓာကျန်းမာ ကြံ့ခိုင်ပြီး ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်ဖြင့် ကြိုးစားလေ့ကျင့်သွားကြရန်လိုကြောင်း၊ နေထိုင်၊ စားသောက်၊ လေ့ကျင့်မှုများနှင့် ပတ်သက်ပြီး အခက်အခဲများရှိပါက တာဝန်ရှိသူများမှတစ်ဆင့် သတင်းပို့တင်ပြပေးသွားရန်နှင့် အားကစားသမားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအားလုံး စည်းလုံးညီညွတ်မှုရှိမှသာ အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် GYM လေ့ကျင့်ရေးခန်းမ၌ ဘော်လီဘောအားကစားသမားများ၏ GYM လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး အားကစားသမားများအားလုံး လေ့ကျင့်ချိန်မလျှော့ဘဲ နည်းပြများရေးဆွဲထားသည့် Training Programme အတိုင်း စနစ်တကျမှန်မှန်ကန်ကန် ကြိုးစားလေ့ကျင့်သွားကြရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှ ၁၅ ရက်အထိ ကျင်းပမည့် အခြေခံပညာကျောင်းသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အားကစားသမားများ တည်းခိုနေထိုင်စားသောက်မှုများ အဆင်ပြေ ချောမွေ့စေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့လက်ရွေးစင် အားကစားသမားများအား ချက်ပြုတ်ပြင်ဆင်ကျွေးမွေးလျက်ရှိသည့် Cluster-9 ရှိ စားရိပ်သာကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်
