Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ၂၀၂၃ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း၏ တိုင်းရင်းဆေးဖိုရမ် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ အကြိုအစည်းအဝေးနှင့် ညစာစားပွဲ တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၃၀

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းရှီပြည်နယ် နန်ချန်းမြို့၌ နိုဝင်ဘာ ၂၉ ရက်မှ ၃၀ ရက်အထိ ကျင်းပသည့် ၂၀၂၃ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း၏ တိုင်းရင်းဆေးဖိုရမ်သို့ တက်ရောက်ရန် နန်ချန်းမြို့၌ ရောက်ရှိနေသော ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ညနေပိုင်းက ဖိုရမ်သို့တက်ရောက်လာကြသော ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ၊ ကျန်းရှီပြည်နယ်အုပ်ချုပ်ရေးမှူး၊ Shanghai Cooperation Organization အဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ဝန်ကြီးများ၊ ဒုတိဝန်ကြီးများနှင့်အတူ ခေါင်းဆောင်များ အကြိုအစည်းအဝေးသို့ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်အုပ်ချုပ်ရေးမှူး ရဲ့ကျန်းချွန်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး အဖွဲ့ဝင်နိုင်ငံများက ဆွေးနွေးပြောကြားကြသည်။

အမြင်ချင်းဖလှယ်

ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် အဖွဲ့ဝင်နိုင်ငံများအကြား တိုင်းရင်းဆေးပညာ ရပ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်ရေးကိစ္စရပ်များ၊ အပြန်အလှန် အတွေ့အကြုံများဖလှယ်နိုင်ရေး၊ တိုင်းရင်းဆေးဝါးများ အရည်အသွေးကောင်းမွန်စေရေးနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များ ကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များ ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကျန်းရှီပြည်နယ် အုပ်ချုပ်ရေးမှူးက တည်ခင်းဧည့်ခံသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း၏ တိုင်းရင်းဆေးဖိုရမ် အထိမ်းအမှတ်ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်