Skip to main content

(၈) ကြိမ်မြောက် သတင်းမီဒီယာနှင့် သင်တန်းဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၃၀

(၈) ကြိမ်မြောက် သတင်းမီဒီယာ နှင့် သင်တန်းဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေး (8th ASEAN SOMRI Working Group on Information, Media and Training- 8th WG IMT) ကို အင်ဒိုနီးရှားနိုင်ငံ Novotel Hotel တွင် ယနေ့ နံနက်ပိုင်းက Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံကိုယ်စားပြု WG-IMT ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန မှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော်ဦးဆောင်၍ မြန်မာကိုယ်စားလှယ်များက နေပြည်တော်-တပ်ကုန်းနှင့် ရန်ကုန်ရှိ သက်ဆိုင်ရာရုံးများမှ အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက် ဆွေးနွေးကြသည်။

အစည်းအဝေးသို့ လက်ရှိ WG-IMT ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံမှ တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ကျင်းပပြီးစီးခဲ့သည့် အာဆီယံအစည်းအဝေးများမှ အာဆီယံသတင်း မီဒီယာနှင့် သင်တန်းကဏ္ဍဆိုင်ရာအဖွဲ့ (SOMRI WGIMT) ဆိုင်ရာ အစည်းအဝေးဆုံးဖြတ်ချက်များ၊ အာဆီယံသတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅)၏ လုပ်ငန်းဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံပေါင်းစည်းဆက်သွယ်ရေး မဟာဗျူဟာစီမံချက်(၂၀၁၈-၂၀၂၅) ၏ လက်ရှိ ဆောင်ရွက်နေသည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ သတင်းတု/သတင်းမှား တိုက်ဖျက် ရေးအဖွဲ့ (ASEAN Task force on Fake News) ဆိုင်ရာ လုပ်ငန်းစီမံချက်များ၊ အာဆီယံ-ဩစတြေးလျနိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ မိတ်ဖက်ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းစီမံချက်အပေါ် ဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။

အစည်းအဝေးသို့ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ ကိုယ်စားလှယ်များက လူကိုယ်တိုင်ဖြင့်လည်းကောင်း၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့်ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များက အွန်လိုင်းစနစ်ဖြင့်လည်းကောင်း ပါဝင်တက်ရောက်ကြပြီး (၉)ကြိမ်မြောက် သတင်းမီဒီယာနှင့် သင်တန်းဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေး (9th ASEAN SOMRI Working Group on Information, Media and Training-9th WG IMT) အား အင်ဒိုနီးရှားနိုင်ငံက ဆက်လက်တာဝန်ယူကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်