နေပြည်တော် နိုဝင်ဘာ ၃၀
လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးတို့အတွက်ရည်ရွယ်ပြီး (၇၆)ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူငယ်နှင့်စာပေအနုပညာ ပွဲတော်ကိုနေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ ပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ လူငယ်နှင့်စာပေအနုပညာပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဆပ်ကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ညှိနှိုင်းဆွေးနွေး
ရှေးဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးဦးရဲတင့်က လူငယ်နှင့်စာပေအနုပညာ ပွဲတော်ကျင်းပမည့်ရက် နီးကပ်လာပြီဖြစ်၍ ယနေ့အစည်းအဝေးတွင် ကဏ္ဍအလိုက် တက်ရောက်လာကြသူများက ဆောင်ရွက်လိုသည့် အစီအစဉ်များ၊ အစီအမံများကို ဆွေးနွေးတင်ပြစေ လိုပါကြောင်း၊ ဖျော်ဖြေရေးအစီအစဉ်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ခေတ်ပေါ်တေးဂီတအဖွဲ့၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များနှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး မြဝတီတေးဂီတအဖွဲ့တို့က လေ့ကျင့်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ပြခန်းပြသမည့် ဝန်ကြီးဌာန ၁၃ ခုကလည်း ပြခန်းများပြသရန် နေရာများစီစဉ်ထားရှိပြီဖြစ်၍ ဒီဇင်ဘာ ၁၂ ရက်မှ စတင်၍ ပြင်ဆင်ဆောင်ရွက်နိုင်ပြီ ဖြစ်ပါကြောင်း၊ ပွဲတော်အောင်မြင်စွာ ကျင်းပသွားနိုင်ရေးအတွက် ညီညီညွတ်ညွတ်ဖြင့် လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးကြပြီး ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ပွဲတော်လာဧည့်ပရိသတ်များကို တိုင်းရင်းသားရိုးရာအစားအစာများ ဈေးနှုန်းသင့်တင့်စွာ ရောင်းချနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် ပွဲတော်စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူးက လူငယ်နှင့်စာပေပွဲတော်ကျင်းပရေးအတွက် ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက်ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြချက်များအပေါ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးနှင့် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်တို့က ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်