နေပြည်တော် နိုဝင်ဘာလ ၃၀
မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ e-Government စနစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက်နည်း ပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် Aquarius နည်းပညာကုမ္ပဏီ၏ ထုတ်ကုန်များအား ပိုမိုနားလည်စေရန်ရည်ရွယ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် Aquarius နည်းပညာကုမ္ပဏီတို့ပူးပေါင်း၍ “Aquarius Day” ဖိုရမ်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီတွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဖိုရမ်သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၏ ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးနှင့် သံရုံးမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ IT ပညာရှင် အရာထမ်းများနှင့် နှစ်နိုင်ငံပုဂ္ဂလိကနည်းပညာကုမ္ပဏီများမှ ကိုယ်စားလှယ်များစုစုပေါင်း (၄၀၀) ကျော် တက်ရောက်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက အဖွင့်အမှာစကားပြောကြားရာ၌ ယနေ့ “Aquarius Day” ဖိုရမ်အခမ်းအနားကို မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် e-Government စနစ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ယနေ့ “Aquarius Day” ဖိုရမ်မှတစ်ဆင့် နှစ်နိုင်ငံနည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်၊ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် e-Government စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပြုနိုင်ရန် ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးခရီးစဉ်အတွက် အထောက်အပံ့ကောင်းများစွာရရှိနိုင်သဖြင့် အကျိုးရှိသောဖိုရမ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်က e-Government စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ၏နည်းပညာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ တိုးတက်လာစေရေး ဆောင်ရွက်မှုများကိုလည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သံအမတ်ကြီး H.E. Mr. Iskander Azizov က နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်ရန်၊ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် e-Government စနစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရေးအတွက် Aquarius ကုမ္ပဏီအပါအဝင် ရုရှား IT ကုမ္ပဏီများအနေဖြင့် နည်းပညာဖလှယ်မှုများ၊ IT Solution အတွေ့အကြုံများနှင့် ထုတ်ကုန်များအကြောင်းကို ပိုမိုနားလည်စေရန်ရည်ရွယ်ပြီး ယခုဖိုရမ်ကို ကျင်းပခြင်းဖြစ်ကြောင်းနှင့်၊ Aquarius နည်းပညာ ကုမ္ပဏီဥက္ကဋ္ဌ Mr. Vladimir Stepanov က လွတ်လပ်၍ ရေရှည်တည်တံ့သော ရုရှား-မြန်မာ နိုင်ငံတကာ နည်းပညာပူးပေါင်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးခဲ့ကြကာ ဖွင့်ပွဲအခမ်းအနားအပြီးတွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။
ဆွေးနွေးပွဲများကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ပြီး ခေါင်းစဉ်များအလိုက် ဆွေးနွေးခဲ့ကြသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီးများနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Aquarius နည်းပညာကုမ္ပဏီဥက္ကဋ္ဌဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့အား လက်ခံတွေ့ဆုံ၍ သတင်းအချက်အလက်လုံခြုံရေးနှင့် အိုင်စီတီနည်းပညာဆိုင်ရာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်းနှင့် ဖိုရမ်အား ညနေ ၄ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
