နေပြည်တော် နိုဝင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ရွာရှည်(မ)ကျေးရွာရှိ စာသင်ကျောင်းနှင့်ဆေးရုံကို ယနေ့နံနက် ၂ နာရီဝန်းကျင်ခန့်တွင် တပ်မတော်ကလေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချတိုက်ခိုက်သွားကြောင်း ဒေသခံပြည်သူများက တရားမဝင်မီဒီယာတစ်ခုဖြစ်သည့် ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ တန့်ဆည်မြို့ကို PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက နိုဝင်ဘာလ ၂၈ ရက်၊ နိုဝင်ဘာလ ၂၉ ရက်နေ့များတွင် အကြမ်းဖက်တိုက်ခိုက်ခဲ့သော်လည်း လုံခြုံရေးပူးပေါင်းအဖွဲ့များ၏ ရွပ်ရွပ်ချွံချွံ တန်ပြန်တိုက်ခိုက်ခဲ့မှုကြောင့် အကြမ်းဖက်သောင်းကျန်းသူများ ထိခိုက်သေဆုံးမှု များပြားစွာဖြင့် ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်းနှင့် ယနေ့နိုဝင်ဘာ ၃၀ ရက်တွင် တန့်ဆည်မြို့ပေါ်နှင့် တန့်ဆည်မြို့နယ်ရှိ ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားမှု လုံးဝမရှိကြောင်း၊ လုပ်ကြံသတင်းအမှားသာဖြစ်ကြောင်းကို တန့်ဆည်မြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော လုံခြုံရေးပူးပေါင်းအဖွဲ့ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
သို့ဖြစ်ပါ၍ တရားမဝင် ပြည်ဖျက်မီဒီယာများအနေဖြင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကိုဖုံးကွယ်ရန်၊ တပ်မတော်နှင့် ဒေသခံပြည်သူများ၏ လက်တွဲပူးပေါင်းဆောင်ရွက်နေမှုများကို သွေးထိုးလှုံ့ဆော်ပြီး အထင်အမြင်လွဲမှားစေရန်တို့အတွက် လေယာဉ်များအသုံးပြု၍ စာသင်ကျောင်း၊ ဆေးရုံများအား ဗုံးကျဲနေကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်းနှင့် ဒေသခံပြည်သူလူထုများကလည်း PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများအား အမြစ်ပြတ်ချေမှုန်းတိုက်ခိုက်ပေးရန် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တောင်းဆိုလျက်ရှိကြောင်း သတင်းရရှိပါသည်။