Skip to main content

မြန်မာနိုင်ငံရှိ သူနာပြု၊ သားဖွားများအတွက် အသုံးပြုမည့် CPD စနစ်အား သူနာပြု၊ သားဖွားကိုယ်စားလှယ်များက တည်းဖြတ်အတည်ပြုခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၉

မြန်မာနိုင်ငံရှိ သူနာပြု၊ သားဖွားများအတွက် အသုံးပြုမည့် CPD စနစ်အား သူနာပြု၊ သားဖွားကိုယ်စားလှယ်များက တည်းဖြတ်အတည်ပြုခြင်း Stakeholders Approval Meeting on CPD Guideline for Nurses and Midwives in Myanmar ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော သူနာပြု၊ သားဖွားကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တင်ပြဆွေးနွေး

အခမ်းအနားတွင် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင်က မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားများအတွက် လိုင်စင်သက်တမ်းတိုးရာတွင် အသုံးပြုမည့် CPD (Continuing Professional Development)စနစ် (မူကြမ်း) ကို တင်ပြဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသော သူနာပြု၊ သားဖွားကိုယ်စားလှယ် ၂၀၀ က အုပ်စုခြောက်စုဖွဲ့၍ အသေးစိတ်ညှိနှိုင်းဆွေးနွေး တည်းဖြတ်အတည်ပြုခဲ့ကြသည်။

အဆိုပါ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားများအတွက် လိုင်စင်သက်တမ်းတိုးရာတွင် မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီဥပဒေအရ အသုံးပြုရ မည့် CPD (Continuing Professional Development) စနစ်သည် ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်ကို ပြည့်မီရန် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အထောက်အကူပြုနိုင်မည့်စနစ်ဖြစ်ပြီး သူနာပြု၊ သားဖွားများ၏ လုပ်ငန်းအရည်အသွေးဆိုင်ရာ မြှင့်တင်ထိန်းချုပ်နိုင်သောစနစ် ဖြစ်ရုံမျှမက ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အရည်အသွေးပြည့်ဝသော သူနာပြုစုစောင့်ရှောက်မှုကို ရရှိနိုင်စေမည့် စနစ်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်