Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကုသရေးဦးစီးဌာနမှ ကွင်းဆင်းဆေးကုသပေးမှု ကြည့်ရှုအားပေး

နေပြည်တော် နိုဝင်ဘာ ၂၉

မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုသောအားဖြင့် နေပြည်တော်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ နေပြည်တော်ခုတင် (၃၀၀) ဆေးရုံကြီးနှင့် လယ်ဝေးခုတင်(၁၀၀)ဆေးရုံမှ အထူးကုဆရာဝန်များ ပါဝင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရီမြို့နယ်စည်ပင်သာယာ ကျေးလက်ကျန်းမာရေးဌာန၌ ကျည်တောင် အုပ်စုအတွင်းမှ ဒေသခံပြည်သူများအား ကွင်းဆင်း၍ အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးသည်။

ထိုသို့ ကြည့်ရှုအား​ပေးစဉ် ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးခိုင်၊ နေပြည်တော်တိုင်းကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုး၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နေပြည်တော်ကုသရေးဦးစီးဌာန ခွဲစိတ်အထူးကု၊ ကလေးအထူးကု၊ မျက်စိအထူးကု၊ သားဖွားမီးယပ် အထူးကု၊ သွားအထူးကု၊ အရိုးအထူးကုဆရာဝန်ကြီးများက ဒေသခံပြည်သူများအား အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လာရောက်ဆေးကုသမှုခံယူလျက်ရှိသည့် ကျည်တောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာရှစ်ရွာမှ ​ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များ၊ အာဟာရဖြစ် စားသောက်ဖွယ်ရာများနှင့် နေ့စဉ်ထုတ်သတင်းစာများပေးအပ်ပြီး အထူးကုဆရာဝန်ကြီးများအား သစ်သီးခြင်းများ ပေးအပ်သည်။

ယနေ့ ကျည်တောင်အုပ်စုအတွင်းမှ ဒေသခံပြည်သူများအား အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးရာတွင် အထူးကုဆရာဝန်များက အထွေထွေရောဂါလူနာ ၁၁၂ ဦး၊ မျက်စိလူနာ ၁၀၃ ဦး၊ ခွဲစိတ်လူနာ ၃၅ ဦး၊ အရိုးလူနာ ၁၁၆ ဦး၊ ကလေး လူနာ ၁၂ ဦး၊ သားဖွားမီးယပ်လူနာရှစ်ဦး၊ သွားလူနာ ၁၆ ဦး စုစုပေါင်း ၄၀၂ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလည်း အဓိကမကူးစက်နိုင်သောရောဂါများ၊ နှလုံးနှင့် နှလုံးသွေးကြောရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး လူနာ ၂၃ ဦးကို ကုသမှုပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်