Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးရိတ်သိမ်းနေမှု ကြည့်ရှုအားပေး

နေပြည်တော် နိုဝင်ဘာ ၂၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ် ရွေးစုကျေးရွာအုပ်စု ရွေးစုကျေးရွာသို့ သွားရောက်ပြီး သစ်လွင်လယ်ယာနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသား တောင်သူ ၅၂ ဦး၏ လယ်မြေ ၁၃၁ ဧကတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးခဲ့သော GW-11 စပါးခင်းများနှင့် ဆင်းသုခစပါးခင်းများ ရိတ်သိမ်းခြွေလှေ့နေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရွေးစုကျေးရွာရှိ စိုက်ပျိုးရေးအသိပညာပြန့်ပွားရေးစင်တာ၌ သမဝါယမအသင်းသား တောင်သူများ၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံကာ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းချိတ်ဆက်ကာ သမဝါယမအသင်းအဖွဲ့စနစ်ဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက်လည်း လိုအပ်သည့်ပံ့ပိုးမှုများနှင့် မြေဩဇာ၊ သွင်းအားစု၊ မျိုး၊ စက်ယာဉ်ယန္တရား များကိုလည်း ထောက်ပံ့ပေးခဲ့ကြောင်း၊ အသင်းသားတောင်သူများအနေဖြင့် အထွက်နှုန်းကောင်းပြီး ဈေးကွက်သေချာသည့်မျိုးစပါးများ ပြောင်းလဲစိုက်ပျိုးကြစေလိုကြောင်း၊ အထွက်တိုးစပါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သဘာဝမြေဩဇာများကို အချိုးကျကျ ရောနှောအသုံးပြုကြစေလိုကြောင်း၊ ဆောင်းသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် မှာကြားပြီး သမဝါယမအသင်းသား တောင်သူများနှင့် ကျေးရွာသူ၊ ကျေးရွာသားများ၏ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်