နေပြည်တော် နိုဝင်ဘာ ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်းတို့အကြား မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဘက်စုံ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စီမံကိန်းနှင့် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားခြင်း စီမံကိန်းတို့၏ အောင်မြင်ဖြစ်ထွန်းမှုအခြေအနေ၊ ထပ်မံ၍ အဆိုပါစီမံကိန်းများကို ဆက်လက်တိုးမြှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် MoU အသစ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေမှု၊ ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုင်ရာ ခေါင်းဆောင်မှုသင်တန်းပို့ချခြင်း စီမံကိန်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ စက်မှုလက်မှုသင်တန်းစီမံကိန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ရခိုင်ပြည်နယ်အတွင်း စာသင်ကျောင်းများ ဆောက်လုပ်ရေးစီမံကိန်းအရ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်