Skip to main content

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်းအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော တောင်ကြီး မီးပုံးပျံလွှတ်တင်သည့်အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၈

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင် မီးထွန်း ပွဲတော်ကာလအတွင်း မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက် အထိသုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်ခဲ့ရာ အဆိုပါအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော မီးပုံးပျံလွှတ်တင်ပေးသည့် တောင်ကြီးမြို့မှ မီးပုံးပျံပညာရှင်အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေး စခန်း(ရွာတော်)ရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

တက်ရောက်

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့မှ တာဝန်ရှိသူများ၊ အခမ်းအနားတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် တောင်ကြီးမီးပုံးပျံ လွှတ်တင်သည့်အဖွဲ့များ၊ အထောက်အကူပြုအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

အောင်မြင်စွာဆောင်ရွက်နိုင်

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကာလအတွင်း ဆီမီး ၉၀၀၀ ကပ်လှူပူဇော်ခြင်း၊ အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်စဉ်များဖြင့် ပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့် စိန်နားပန် မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်း၊ မသိုးရွှေကြာသင်္ကန်း ရက်လုပ် ကပ်လှူပူဇော်ခြင်း အခမ်းအနားများကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း မီးပုံးပျံများ လွှတ်တင်ပူဇော်နိုင်မှုအနေဖြင့် ညမီးကြီး ၁၁ လုံး၊ စိန်နားပန် အလုံး ၂၀ စုစုပေါင်း မီးပုံးပျံ ၃၁လုံးအား လွှတ်တင်နိုင်ခဲ့ပြီး တောင်ကြီးမြို့မှ မီးပုံးပျံပညာရှင်များအဖွဲ့အနေဖြင့် ရရှိသည့် အချိန်တစ်လခွဲ ခန့်ကာလအတွင်း ပြီးစီးအောင်မြင်အောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ခဲ့ပြီး ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် အောင်မြင်စွာ လွှတ်တင်နိုင်ရေးအတွက် စနစ်တကျဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပထမအကြိမ် တန်ဆောင်တိုင် မီးထွန်းပွဲတော် မီးပုံးပျံပွဲတော် အခမ်းအနားကြီး အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အဘက်ဘက်မှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြသည့် ဝန်ကြီးဌာနများ နေပြည်တော်ကောင်စီ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ မီးရှူးမီးပန်း ပစ်လွှတ်ရေးအဖွဲ့၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအသင်းနှင့် မိတ်ဖက်ကုမ္ပဏီများအားလုံးနှင့် အထောက်အကူပြု အဖွဲ့များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် က ဂုဏ်ပြုအမှာစကားပြောကြားပြီး တောင်ကြီးမြို့ မီးပုံးပျံအဖွဲ့မှ ကိုယ်စားလှယ် ဦးတိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ရင်းရင်းနှီးနှီးနှုတ်ဆက်

ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင် တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ခြင်းတွင် တောင်ကြီး မီးပုံးပျံလွှတ်တင်သည့်အဖွဲ့အား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်